ပူပူနွေးနွေး မတ္တရာ ကပွဲ(၂၀)ညစာတော့ ခိုင်ပြီဗျို့

မတ္တရာရှိ ရေနံသာရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူများပြား၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ ရဲဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံသာရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း မတ္တရာ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီ ၃ဝ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ရေနံသာရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၃ဝ ခန့်ရှိ စစ်သားနှင့် ပျူစောထီးများသည် ဆည်တော်ကြီးရွာကို ကင်းလှည့်ရန် ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးကု အပြင်းအထန် ဒဏ်ရာရရှိသူ ၁၅ ဦးကို ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပြုလုပ်နေစဥ် ၁၃ ဦး ထပ်မံသေဆုံး​ခဲ့ကြောင်း သိရှိရသည်။

” တိုက်နယ် တာဝန်ခံတွေဆီက ထပ်သိရတာ စစ်ခွေး အကောင် ၂၀ သေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု မတ္တရာ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ ၊ တိုက်နယ် ၃ ပ.က.ဖ တပ်ဖွဲ့-နဂါးညီနောင်နှင့် မိုးကြိုးပျောက်ကြား တို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ ရဲဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ ရဲဂိတ်ကို KRF ၊ KNU/KNLA ၊ အမှတ် ၇၈ဝ၅ တပ်ရင်း တပ်ခွဲ ၂ သွေးသစ္စာပြောက်ကျားတပ်ဖွဲ့ ၊ YEF TPDF Drone Force တောကျီးကန်းစစ်ကြောင်း ၊ ABSDF ၊ ကျိုက်ထိုမြို့နယ် PDF တပ်ရင်းအဖွဲ့ ၊ မုပ္ပလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ၆၀ မမ လက်လုပ်ပြောင်းဖြင့် ၈ လုံး ပစ်ခတ်တိုက်ခိုက်ရာတွင် ၅ လုံးကွဲခဲ့ကြောင်း၊ ဒရုန်းဖြင့် ၆ဝ မမ ၁ လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ ၄၀ မမ အလုံး ၂ဝ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၄ လုံး ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *