ပေါတာဆွဲမဲ့အကွက်တွေလာတော့မယ် ဂရုစိုက်ကြ

စစ်သားပြုန်းတီးမှု ကုစားနိုင်ရေး အနည်းဆုံး ၁ လလျှင် စစ်သားသစ် ၁ ဦးနှုန်းဖြင့် တပ်ရင်းများအားလုံးက တစ်နှစ်လျှင် စစ်သားသစ် ၁၂ ဦးနှုန်း စုဆောင်းရန်၊ မစုဆောင်းနိုင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

■ ယခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးတပ်ရင်းများတွင် တပ်သားသစ်တစ်ဦးမှ မရ

ရန်ကုန်၊ ဒီဇင်ဘာ ၄

တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် စစ်သားပြုန်းတီးမှုကို ကုစားနိုင်ရေး အနည်းဆုံး တစ်လ လျှင် စစ်သားသစ် ၁ ဦးနှုန်းမ ဖြစ်မနေ စုဆောင်းရန်၊ တစ်နှစ်လျှင် စစ်သား ၁၂ ဦးနှုန်း စုဆောင်းကြရမည်ဖြစ်ပြီး မစုဆောင်းနိုင်လျှင် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက် ထုတ် ပြန်သည်။

အောက်တိုဘာလတွင် အဆိုပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယင်းညွှန်ကြားချက်နှင့်အညီ တပ်ရင်းတပ်ဖွဲ့များက တပ်သားသစ်များ ရရှိရေး ပေါ်တာဆွဲမှု အပါအဝင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တပ်သား သစ်များစုဆောင်းပေးရန် ဖိအားပေး စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သော လျှို့ဝှက် ညွှန်ကြားစာတွင် ကွပ်ကဲမှုအောက် ရင်း/ဖွဲ့များအနေဖြင့် လက်ရှိကာလ တပ်သားသစ် စုဆောင်းခြင်းဖြင့် တပ်ရင်းရှိ စစ်သည်အဆင့်အတန်းအားလုံး၏ ပြုန်းတီးဖြစ်ပွားမှုအား ကုစားနိုင်ရန်၊ တပ်မ တော် အင်အားရှိစေရေး စိတ်ပါဝင်စားစွာဖြင့် စုဆောင်းရန် ၊ ၂၀၂၃ စက်တင် ဘာလ မှစတင်၍ ကွပ်ကဲမှု အောက် ရင်း/ဖွဲ့များအနေဖြင့် ၁ လလျှင် တပ်သား သစ် ၁ ဦးနှုန်းဖြင့် ၁ နှစ်လျှင် ၁၂ ဦး စုဆောင်းရရှိရေး အလေးအနက်ထား စုဆောင်းကြရန်၊ စုဆောင်းရရှိခြင်း မရှိသော တပ်ရင်းမှူး၊ တပ်ဖွဲ့မှူး၊ ခေတ္တတပ်ရင်းမှူး၊ တပ်ဖွဲ့မှူး၊ ဌာနချုပ် ခွဲမှူးများအားလုံး လိုအပ်သလို အရေးယူခြင်း ဆောင်ရါက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာ ၂၆ ရက်နေ့အထိ တပ်သားသစ် စုဆောင်းရရှိခြင်းမရှိသဖြင့် တပ်သားသစ် စုဆောင်းရရှိရေး အလေးထားဆောင် ရွက်ရန် ထပ်မံ သတိပေး အကြောင်းကြားအပ်ကြောင်း၊ တပ်သားသစ်စုဆောင်းရရှိရေး တပ်ရင်း ဌာနချုပ် များသို့ ကြပ်မတ်ကွပ်ကဲရန် စစ်ကောင်စီက ညွှန် ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ အဆိုပါ ညွှန်ကြားချက်အရ ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာများတွင် ညပိုင်း လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်တပ်အတွင်းသို့ အတင်းအကျပ် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊သုံးခွကျေးရွာအုပ်စု ၊ မကျီးပင်ကျေးရွာတွင် စစ်တပ်က တပ်သားသစ်စုဆောင်းရန် လူငယ်များ ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖိအားပေးပြီး တပ်သားသစ်အဖြစ် ညပိုင်း လမ်းသွားလမ်းလာ လူငယ်များ၊ ဝမ်းရေးအတွက် ငါးရှာ ဖားရှာ လူငယ်များကို ဖမ်းဆီးကြောင်း၊ ယင်းနောက် အဆိုပါ လူငယ်များကို တပ်သားသစ်အဖြစ် တပ်ထဲသို့ ပို့ဆောင် စုဆောင်းကြောင်း၊ မိသားစုများက လူပျောက်၍ လိုက်လံ ရှာဖွေသောအခါ စစ်တပ်ထဲသို့ ရောက်ရှိနေသည်ကို သိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

” မကျီးပင်ကျေးရွာ ရွှေကျောင်းဘုန်းကြီးကျောင်းမှာ စစ်တပ်က အထိုင်ချပြီး ညပိုင်း လမ်းသွားလမ်းလူငယ်များ ခရီးသွားခရီးလာလူငယ်များ ဝမ်းရေးအတွက် ညဘက်တွင် ငါးရှာ ဖားရှာ လူငယ်များကို ညတိုင်းလိုလို တစ်ညကို ၂ ယောက် ၃ယောက် တပ်သားသစ်အဖြစ် ဖမ်းဆီး စုဆောင်းခံရပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *