ဒေါ်လာဈေးအဆမတန်မြင့်တတ်နေသောကြောင့် ရွှေဈေးလည်းတဟုန်ထိုးမြင့်တတ်

အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားနေ၍ ဒေါ်လာစျေးနှုန်းများ စတင်တက်နေပြီး ရွှေစျေးနှုန်းပါ လိုက်တက်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းခွဲကျော်သို ရောက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ပြင်ပစျေးထက်နိမ့်သော ဗဟိုဘဏ် သတ်မှတ်စျေးဖြင့် ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားကာ အမေရိကန်ဒေါ်လာ တန်ဖိုးများ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်းကို သတ်မှတ်တော့မည်မဟုတ်ဘဲ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ကြေညာပြီးနောက် ဒေါ်လာတန်ဖိုးမှာ တအိအိမြင့်တက်လာကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၅၀ ကျပ်ဝန်းကျင်မှ ၃၅၀၀ ကျပ်ကျပ်ဝန်းကျင်သိုလည်းကောင်း ညတွင်းချင်း ခုန်တက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် ဒေါ်လာစျေး အနည်းငယ်သာ အတက်ပြပြီး ညနေပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ်ဝန်းကျင် အထိ မြင့်တက်လာကြောင်း၊ ဒေါ်လာဝယ်လိုအား အလွန်များပြားကြောင်း သိရှိရသည်။

ပြည်တွင်းရွှေစျေးကွက်တွင်လည်း မီးလင်းရွှေ(ခေါ်) အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၃၇ သိန်းခွဲ ပေါက်စျေးရှိသော်လည်း ရွှေ ဝယ်မရကြောင်း၊ အမှန်တကယ် ရွှေဝယ်လိုပါက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်းကျော် စျေးပိုပေး၍ ဝယ်ယူရကြောင်း ရွှေကုန်သည်တချိုက ဆိုကြသည်။

လက်ရှိတွင် ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းက စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါးလာသည်ဆိုသော သတင်းများကို တညီတညွတ်တည်း သဘောတူလက်ခံကြပြီး လာမည့်အနာဂတ်တွင် သွင်းကုန်စျေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု သုံးသပ်ပြောဆိုကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *