အညာတွက်သတင်းကောင်း နုကြည်ဝန်ကြီးပြောကြား(ရုပ်သံ)

စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်အတွင်း မြို့နယ်(၄၀)ကျော်က (၆၁)နေရာမှာ ကိုယ်ပိုင် အင်တာနက် တပ်ဆင်ပြီးလို့ NUG နည်းပညာ ဝန်ကြီးပြော

နိုဝင်ဘာ ၆ ရက်

စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်နယ်အတွင်း မြို့နယ်(၄၀)ကျော်က နေရာ(၆၁)နေရာမှာ ကိုယ်ပိုင်အင်တာနက် တပ်ဆင်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။

မနေ့ ဒီဇင်ဘာ(၅)ရက်က ပြုလုပ်တဲ့ ကိုယ်ပိုင်အင်တာနက် တပ်ဆင်နိုင်ရေး Federal Net ကမ်ပိန်း ဆွေးနွေးပွဲမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားသွားတာပါ။

နွေဦးတော်လှန်ရေး ကာလအတွင်း ခုခံတော်လှန်မှု အားကောင်းခဲ့တဲ့ စစ်ကိုင်းတိုင်းကို စစ်အာဏာသိမ်းပြီး ခုနှစ်လကျော်အကြာ စက်တင်ဘာ(၁၄)ရက်မှာ စစ်အုပ်စုက အင်တာနက်လိုင်းတွေ စတင် ဖြတ်တောက်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေး နှစ်နှစ်ခန့်အကြာမှာ NUG အနေနဲ့ ကိုယ်ပိုင်အင်တာနက် တပ်ဆင်နိုင်ဖို့ စတင်ကြိုးပမ်းခဲ့ပြီး ၂၀၂၂ စက်တင်ဘာ ကနေ ၂၀၂၃ စက်တင်ဘာအထိ တစ်နှစ်အတွင်း နေရာ(၅၁)နေရာမှာ ကိုယ်ပိုင်အင်တာနက် တပ်ဆင်နိုင်ခဲ့ပြီး ယခု အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာလည်း (၁၀)နေရာမှာ ကိုယ်ပိုင်အင်တာနက် ထပ်မံ တပ်ဆင်ပေးနိုခဲ့တာ ဖြစ်တယ်လို့ နည်းပညာဝန်ကြီးက ဆိုပါတယ်။

“တစ်နှစ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စလို့ပေါ့လေ အခုနှစ် စက်တင်ဘာလအထိ ဆိုရင် နေရာပေါင်း (၅၁)နေရာမှာ ကိုယ်ပိုင်အင်တာနက် တပ်ဆင်ခဲ့တယ်။ နေရာလို့ ပြောလိုက်လို့ရှိရင် မြို့နယ်တော့ မဟုတ်ဘူးဗျ။ မြို့နယ်ပေါင်းကတော့ ကျနော်တို့ (၅၁)မြို့ မရှိပါဘူး။ (၄၀)ကျော်လောက် ရှိမယ်လို့ ကျနော် ခန့်မှန်းပါတယ်။ ဒါ တစ်နှစ်အတွင်းမှာ (၅၁)နေရာမှာ တပ်ဆင်ခဲ့တာ ရှိတယ်။ အထူးသဖြင့်တော့ စစ်ကိုင်းတို့၊ ကရင်နီတို့ မကွေးတို့ အစရှိသဖြင့် နေရာတွေမှာ တပ်ဆင်ထားတာ ရှိတယ်။ အချို့သော ပြည်နယ်တွေမှာလည်း တပ်ဆင်ထားတာ ရှိပါတယ်။ ကရင်ပြည်နယ်မှာလည်း အနည်းအကျဉ်း ရှိတယ်။ အဲလိုမျိုး တပ်ဆင်ခဲ့ပြီးတော့ နောက်ထပ် နှစ်လအတွင်းမှာ အောက်တိုဘာ၊ နိုဝင်ဘာဆိုပြီး နောက်နှစ်လအတွင်းမှာ နောက်ထပ် (၁၀)နေရာကိုလည်း တပ်ဆင်ထားတာ ရှိတယ်။ ဒီလိုမျိုး တပ်ဆင်နိုင်ဖို့အတွက်ကို ကျနော်တို့ NUG အစိုးရက နေပြီးတော့ ဒေါ်လာငါးသိန်း ဘတ်ဂျက်ချပေးခဲ့တယ်။ ချပေးတဲ့ ဘတ်ဂျက်ကို အသုံးပြုပြီး ဒီနေရာတွေမှာ တပ်ဆင်နိုင်ခဲ့တာ ဖြစ်တယ်။ အင်တာနက် ဖြတ်တောက်ထားတဲ့ ဒေသတွေမှာ NUG က ချပေးတဲ့ ငွေကြေးနဲ့ ဒီလိုမျိုး တပ်ဆင်နိုင်ခဲ့တဲ့ အတွက်လည်း ကျနော်တို့အစိုးရနဲ့ လူထုနဲ့ ပြီးလို့ရှိရင် တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ အင်မတန် ထိရောက်ခဲ့တယ်လို့ ပြောလို့ရှိရင် မမှားပါဘူးလို့ ထင်ပါတယ်”

ဆက်လက်ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ်ပိုင်အင်တာနက် ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒုတိယနှစ် စီမံကိန်းအတွက်လည်း စတင်လုပ်ဆောင်နေပြီ ဖြစ်သလို ငွေကြေးလိုအပ်ချက်တော့ ရှိနေတယ်လို့ ဦးထင်လင်းအောင်က ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဆိုရင်လည်း မြို့နယ်အတွင်းက နေရာအချို့မှာ ကိုယ်ပိုင်အင်တာနက် စတင်သုံးစွဲနေပြီ ဖြစ်တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လက်အောက်ရှိ နည်းပညာအဖွဲ့ဖြစ်တဲ့ Znet အဖွဲ့က ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *