အမေ့သားသမီးတွေပန်းထွက်ခူးနေကြပြီးအမေပြန်လာရင်ပန်ဖို့

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ၏ အထူးအယူခံ ဝင်ခွင့်ပြုရန် လျှောက်ထားမှု ကြားနာ

ဒီဇင်ဘာလ ၆ ရက်

နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများထဲမှ အထူးအယူခံဝင်ခွင့်ပြုရန် ရာဇဝတ်အထွေထွေလျှောက်လွှာ(အထူး) လျှောက်ထားသည့် နောက်ဆုံးလက်ကျန်အမှုများကို ယမန်နေ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့အပေါ် အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲ ထောင်ချခဲ့သည့်အမှုများထဲမှ အထူးအယူခံအဆင့်အထိ လျှောက်ထားသော နောက်ဆုံးလက်ကျန် အမှု ၇ မှု ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် နိုင်ငံပိုင်ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုများနှင့် ပတ်သက်သည့်အမှု ၅ မှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအနေဖြင့် အစိုးရလျှို့ ဝှက်အက်ဥပဒေပုဒ်မ – ၃ -(၁)(ဂ) တို့ဖြစ်သည်။

နှစ်ဖက်လျှောက်လဲချက်ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက အထူးအယူခံဝင်ခွင့်ပြုရန် တင်ပြခဲ့ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ခွင့်ပြု မပြုအား ရှေ့လာမည့်ရုံးချိန်း၌ အမိန့်ချမည်ဖြစ်သည်။

ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် အမေရိကန်ဒေါ်လာ ၆ သိန်းရယူခဲ့သည်ဟု စွပ်စွဲထောင်ချထားသည့်အမှုနှင့် ပတ်သက်ပြီး ရာဇဝတ်အထူးအယူခံမှု လျှောက်ထားချက်ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာခဲ့သေးသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲတရားစွဲဆိုကာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပြီး နေပြည်တော်ထောင်၌ အကျဉ်းချထားသလို သမ္မတဦးဝင်းမြင့်အား အမှု ၈ မှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၁၂ နှစ်ဖြင့် တောင်ငူထောင်တွင် အကျဉ်းချထားသည်။

စွပ်စွဲထောင်ချထားသည့်အမှုအချို့ကို အထူးအယူခံလျှောက်ထားမှုအဆင့်ထိ ရှိလာသော်လည်း ဒေါ်အောင်ဆန်းစုကြည် အား ရှေ့နေအဖွဲ့ နှင့် တွေ့ဆုံခွင့် မပေးသည့်အတွက် အမှု ပြင်ဆင်ဆောင်ရွက်ရာတွင် ရှေ့နေအဖွဲ့အနေဖြင့် အခက်အခဲများ ရှိနေသည်။

တရားရုံးနှင့်နီးစပ်သူတဦးက “ ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်မရတော့ အမှုအတွက် ပြင်ဆင်ရာမှာ ကာယကံရှင်က ဘယ်လို သဘောထား ၊ ညွှန်ကြားမှုရှိမလဲ မသိရဘူး။ ဒီလိုအခြေအနေက လုပ်ကိုင်ရ အခက်အခဲရှိတာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို စွပ်စွဲထောင်ချထားသည့် ထောင်ဒဏ်များထဲမှ ဒေါ်အောင်ဆန်းစုကြည်အား ၆ နှစ်၊ သမ္မတဦးဝင်းမြင့်အား ထောင်ဒဏ် ၄ နှစ် လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက ယခုနှစ် ဩဂုတ် ၁ ရက် တွင် ကြေညာထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *