ဒီသတင်းကအရမ်းဟော့နေတယ်

ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် ထောင်ကျနေသည့် စစ်သားများကို အင်အားချိနဲ့လာသည့် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လာရောက်ခေါ်ယူ

ဒီဇင်ဘာ ၉ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်အက်ဥပဒေဖြင့် အရပ်ဘက် ထောင်များတွင် ထောင်ချအရေးယူထားသည့် အကျဉ်းကျ စစ်သားဟောင်းများကို ရှေ့တန်းစစ်မြေပြင်တွင် စစ်ကောင်စီတပ်သားအဖြစ် ပြန်လည် အသုံးပြုရန်အတွက် နိုဝင်ဘာ ၆ ရက်နေမှ စတင်၍ လာရောက်ခေါ်ယူသွားကြောင်း ထောင်အာဏာပိုင်နှင့် နီးစပ်သူများထံက သိရသည်။

အရပ်ဘက်ထောင်များတွင် ထောင်ကျခံနေရသည် စစ်သားများသည် စစ်ထောင်က ချမှတ်နိုင်သည့် ပြစ်မှုထက် ပိုမိုကြီးမားပြီး စစ်တပ်က လက်ခံခြင်းမပြုနိုင်သည့် ပြစ်မှုများကို ကျူးလွန်ထားသူများဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီတပ်မှ အင်အား ချိနဲ့လာနေခြင်းကြောင့် စစ်မြေပြင်တွင် အသုံးပြုရန် ခေါ်ယူခြင်း ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းများထံက သိရသည်။

“မအူပင်အကျဥ်းထောင်၊ ဖျာပုံအကျဥ်းထောင်၊ မြောင်းမြအကျဥ်းထောင်နဲ့ ပုသိမ် အကျဥ်းထောင်တွေမှာ စစ်တပ်ကအကျဥ်းချထားသူတွေကို ပြန်ခေါ်သွားတာရှိတယ်။ တနေ့က (နိုဝင်ဘာ၆ရက်နေ့) မအူပင်အကျဥ်းထောင်ကနေ နှစ်ယောက် လာထုတ် သွားတယ်။ ပုသိမ်အကျဥ်ထောင်ထဲကနေလည်း စစ်ကား လေးစီးနဲ့ လာခေါ်ထုတ်သွား တာရှိတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ ထောင်များအနက် စစ်တပ်က အပြစ်ပေး ထောင်ချထားသူများကို ပုသိမ်ထောင်သို့ အများဆုံးပြောင်းရွှေခြင်းဖြစ်ပြီး စစ်ဆင်ရေး တာဝန်များ ပြန်ထမ်းဆောင်ရန်အတွက် ပုသိမ်အကျဉ်းထောင်မှနေ၍ အဓိက ပြန်လည် ခေါ်ယူသွားခြင်း ဖြစ်ကြောင်း ပုသိမ်းမြို့ ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ခွင့်မဲ့စစ်သား၊ တပ်ပြေးများနှင့် စစ်မှုထမ်းဟောင်းများ စစ်မှုပြန်ထမ်းခြင်းကို လက်ခံမည်ဟု ဒီဇင်ဘာ ၃ရက်နေ့တွင် ကြေညာပြီးနောက် ခွင့်မဲ့စစ်သား နှင့် တပ်ပြေးများအပြင် အခြားရာဇဝတ်မှု ကျူးလွန်ထားသည့် ထောင်ကျ စစ်သားများကိုပါ အရပ်ဘက် အကျဉ်းထောင်များမှနေ၍ လိုက်လံခေါ်ယူနေခြင်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *