မွှင်းခါးချက်မခံရအောင်များများပြေးကြ

ရှေ့တန်းပို့ဖို့ ကျိုင်းတုံထောင်ကနေ လက်မှတ်ထိုးထုတ်ထားတဲ့ စစ်ပြေး၊ ရဲပြေး တစ်ရာကျော်ထဲက ထက်ဝက်ခန့်ထွက်ပြေး

ဒီဇင်ဘာလ ၁၂ ရက်

အာဏာသိမ်းစစ်တပ်အတွက် စစ်သားအင်အားစုဆောင်းဖို့အတွက် ကျိုင်းတုံထောင်ကနေ ခံဝန်လက်မှတ်နဲ့ ထုတ်ထားတဲ့ စစ်ပြေး၊ ရဲပြေး အယောက် ၁၀၀ကျော်ထဲကနေ ထက်ဝက်ခန့် ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ပြေး၊ ရဲပြေး ၁၀၀ ကျော်ကို ခံဝန်လက်မှတ်ထိုးပြီး အပြင်ထုတ်ကာ ကျိုင်းတုံမြို့နယ်ထဲက တပ်နယ်တစ်ခုမှာ ထားထားတာဖြစ်ပြီး အဲဒီထဲက ထက်ဝက်ခန့်ဖြစ်တဲ့ အယောက် ၅၀ကျော် ထွက်ပြေးသွားတာဖြစ်တယ်လို့ ကျိုင်းတုံမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ အစပိုင်းက ထောင်ကထုတ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ထွက်ပြေးသွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“ကျိုင်းတုံထောင်ထဲက တပ်ပြေးနဲ့ ရဲပြေးတွေလက်မှတ်ထိုးထုတ်ထားတာ၊ အယောက် ၅၀ ကျော်ထွက်ပြေးကုန်တယ်။ ဒီလအစမှာ ထုတ်ထားတာ၊ ရှေ့တန်းထွက်ခိုင်းဖို့ကို” လို့ သူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားဖြည့်တင်းဖို့အတွက် ထောင်ကျနေတဲ့ စစ်သားဟောင်းတွေကို ပြန်ထုတ်ပြီး စစ်တပ်ထဲ ထည့်ထားသလို စစ်ပြေးနဲ့ရဲပြေးတွေကိုလည်း ခံဝန်လက်မှတ်ရေးထိုးကာ စစ်တပ်ထဲ ပြန်ဝင်ခွင့်ပေးမယ်လို့ ဒီဇင်ဘာလ ၄ရက်က ကြေညာချက် ထုတ်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ပထမပတ်အတွင်းမှာ အာဏာသိမ်းစစ်ပတ်ဟာ ၂၄နာရီအတွင်း ထောင်ကျနေတဲ့ အောက်ခြေစစ်သား တစ်သောင်းကျော်ကို စစ်တပ်ထဲပြန်ခေါ်ထားတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ရာနဲ့ချီကို ညီနောင်မဟာမိတ် ၃ဖွဲ့ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ရာနဲ့ချီသေဆုံးကာ အများအပြားလက်နက်ချအညံ့ခံခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *