EROs ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အားတတ်စရာသတင်းကို နုကြည်ဝန်ကြီးပြော

EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့ရာမှာ ခေါင်းဆောင်အားလုံးမှာ “ပြည်ထောင်စုစိတ်ဓာတ်” ရှိကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော…

ဒီဇင်ဘာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့ရာမှာ ခေါင်းဆောင်အားလုံးမှာ “ပြည်ထောင်စုစိတ်ဓာတ်” ရှိကြတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့တော်လှန်ရေး ​ရှေ့ခရီးနဲ့ပတ်သက်လို့ ပြောကြားတဲ့ သတင်းစကားမှာ ကာကွယ်ရေးဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

“ပြည်သူ့တော်လှန်ရေး (၃) နှစ်ဝန်းကျင် ကာလအတွင်း EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကပါ အဆက်မပြတ် တွေ့ဆုံဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံတိုင်း အထူးသတိပြုမိတာက ခေါင်းဆောင်အားလုံးမှာ “ပြည်ထောင်စုစိတ်ဓာတ်” ရှိကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ခွဲထွက်ဖို့ ပြည်ပသြဇာခံဖို့ ဘယ်သူမှ မစဥ်းစားကြဘဲ တိုင်းရင်းသားလူမျိုးစုတိုင်း ကိုယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်၊ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲပူးပေါင်းပြီး လွတ်လပ်တဲ့ ပြည်ထောင်စုသစ် ထူထောင်ဖို့ပဲ စိတ်ဆန္ဒ ရှိကြတယ်ဆိုတာ တွေ့ရတယ်။” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးက စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ အတွေ့အကြုံ ပိုများသလို လေ့လာသင်ယူနိုင်ခဲ့တာက အကျိုးထူးတယ်လို့ ဆိုပါတယ်။

” ဒီလို ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုရင် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်မှ ရမယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် အံတိုနေတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေချည်းပဲလို့ ဆိုနိုင်တယ်။ သူတို့အတွေ့အကြုံကို လေ့လာသင်ယူခွင့်ရရှိတာလည်း ကျွန်တော်တို့အတွက် အကျိုးထူးတယ် ပြောရမယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။

NUG နဲ့EROs တွေကြား အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများ ရှိပြီး ဖြစ်တယ်လို့ ဝန်ကြီးက ပြောဆိုထားပြီး နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တောက်​လျှောက် ရှိခဲ့သလို ဆက်လည်းရှိနေတယ်လို့ အသိပေးထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *