ခမ်းပါတ်တိုက်ပွဲ တပ်ပျက်ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်လံ တိုက်ခိုက်ရာ ငါးယောက် ထပ် ဖမ်းမိ
စစ်အုပ်စု အလောင်း(၃၀)နဲ့ ဖမ်းမိသူ ခုနှစ်ယောက် ထက်မနည်း ရှိလာ
ဒီဇင်ဘာ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့ကို ပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တုန့်ပြန် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ပျက်ထွက်ပြေးသွားပြီး အဲ့ဒီ ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ခဲ့ရာ ဒီနေ့ ဒီဇင်ဘာ(၁၇)ရက် မနက်ပိုင်း စစ်အုပ်စု ငါးယောက်ကို ထပ်မံ ဖမ်းမိတယ်လို့ မြေပြင်တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
တပ်ပျက်ထွက်ပြေးတဲ့ စစ်အုပ်စုဟာ ကလေး-မော်လိုက်လမ်း၊ ချင်းပြည်နယ်နဲ့ တမူးဘက်ကို ဝရုန်းသုန်းကား ထွက်ပြေးတာ ဖြစ်ပြီး အဲ့ဒီ ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်လံ တိုက်ခိုက်ရာ ဒီနေ့ ဒီဇင်ဘာ(၁၇)ရက် မနက်ပိုင်း စစ်အုပ်စု ငါးယောက် ထက်မနည်း ထပ်မံ ဖမ်းမိတယ်လို့ တမူးခရိုင် PDF အမှတ်(၂)တပ်ရင်း ပြန်ကြားရေး တာ၀န်ခံ တစ်ဦးက ပြောပါတယ်။
တမူးခရိုင် PDF အမှတ်(၂)တပ်ရင်း ပြန်ကြားရေး တာ၀န်ခံ
“ကျနော်တို့ ခမ်းပါတ်ဘက်ကနေပြီးတော့ ဟိုဘက် အရှေ့ဘက် ပြေးတဲ့ အဖွဲ့လည်း ရှိတယ်။ ပြီးတော့ အနောက် ချင်းတောင်ဘက်ပေါ့ အဲ့ဘက် ပြေးတဲ့အဖွဲ့တွေကော။ ပြီးတော့ တမူးဘက် ပြေးတဲ့လူက ပြေးနေတယ်။ တစ်ယောက်တစ်ပေါက်စီ ပြေးနေကြတာ။ တစ်စုတစ်စည်းတည်းတော့ မဟုတ်ဘူး။ ဒီ အနိုင်ယူတာကတော့ ကျနော်တို့က ဒီဘက် တိုက်ပွဲပြီးသွားတဲ့အခါ မနက်ခင်းက စပြီးတော့ ကျနော်တို့ တိုက်စစ်၊ ထိုးစစ်ကို စဆင်တဲ့ အချိန်မှာ သူတို့ဘက်ကနေ ဆုတ်ရင်းဆုတ်ရင်း ခမ်းပါတ် အနောက်ဘက်ကို လုံး၀ ဆုတ်လိုက်ရတယ်၊ ဆုတ်ပြီးတဲ့ အနေအထားမှာ ဒီကနေ ပြီးတေ့ ထပ်ပြီးတော့ အဲဆင့်ပွါး၊ ဆင့်ပွါး သူတို့ထဲကနေ ထွက်ပြေးတဲ့ဟာတွေ ရှိသေးတယ်။ အခုလောလောဆယ် ဖမ်းမိတဲ့သူတွေလည်း ရှိတယ်၊ လိုက်ရှာနေဆဲတွေလည်း ရှိတယ်။ ဂန်း (Gun- သေနတ်) တွေကတော့ သူတို့ သူတို့ ထွက်ပြေးတဲ့နေရာမှာပဲ အကုန်လုံး ဖွက်ခဲ့ကြတယ်လို့ ပြောတယ်။ အခုကျနော်တို့ မေးနေကြတုန်းပေါ့ အဲ့ဒါတော့”
နိုဝင်ဘာလဆန်းက စတင်ပြီး တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ကို စစ်အုပ်စု အင်အား(၂၀၀)လောက်နဲ့ ပြန်လည်ထိုးစစ်ဆင်လာလို့ ဒီဇင်ဘာ(၁၀)ရက်က စတင်ပြီး ငါးရက်ဆက် တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
မနေ့က ဒီဇင်ဘာ(၁၆)ရက်မှာ စစ်အုပ်စု တပ်ပျက် ထွက်ပြေးသွားတာလို့ တော်လှန်ရေးတပ်တွေက ခမ်းပါတ်မြို့တွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် စစ်အုပ်စု အလောင်း(၃၀)လောက် တွေ့ရသလို နှစ်ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က သတင်း ထုတ်ပြန်ပါတယ်။
ခမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုဟာ စစ်အုပ်စု အမှတ် (၇၇) တပ်မဌာနချုပ် လက်အောက်ခံ (ဖြေမြန်တပ်ရင်း) ခမရ (၃၉၁)နဲ့ (ခြေလျင်တပ်ရင်း) ခလရ (၂၂၈)က ဗိုလ်မှူး အောင်စိုးသူ ဦးစီးတဲ့ စစ်အုပ်စု အင်အား(၂၀၀)လောက် ဖြစ်ပြီး အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူး တပ်ရင်းတွေ၊ ခရိုင်တပ်ရင်းတွေ၊ ပကဖနဲ့ CNDF၊ RCDF တော်လှန်ရေး တပ်ဖွဲ့တွေက တွန်းလှန် တိုက်ထုတ်ခဲ့တာလို့ MoD က ဆိုပါတယ်။
တမူးနယ် ခမ်းပါတ်မြို့ဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း၊ ကလေး – တမူး အာရှလမ်းပေါ်မှာ တည်ရှိပြီး အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ခမ်းပါတ်မြို့ကို စစ်အုပ်စုက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ချိန် လေကြောင်းနဲ့ပါ စစ်ကူပေး ဗုံးကြဲခဲ့ပေမယ့် မြေပြင်က စစ်အုပ်စု တပ်ပျက် ထွက်ပြေးတာလို့ တော်လှန်ရေး ရဲဘော်တွေက ဆိုပါတယ်။
ခမ်းပါတ်မြို့ တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ခမ်းပတ်၊ ကနန်ရွာ၊ ကမ္မကြီး၊ နန်းကတိတ်၊ နန်းခေါက်ခေါက်၊ မင်းသမီး၊ ဝိတုတ်၊ ဘုက္ကန်၊ သနန်၊ ဖိုင်လင်း၊ စေတီ၊ ပန်းသာ၊ ထန်းတပင် စတဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးကာ တောတောင်ထဲ တိမ်းရှောင် နေရပြီး ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
“ဆန်ထွက်တဲ့ ဒေသလို့ ပြောလို့ရတယ်။ ညီမတို့ ဒီဘက်ခြမ်း ခမ်းပတ်နား တဝိုက်ဆို၊ ကနန်တို့၊ တခြားသော ရွာတွေဆို ဆန်ထွက်တဲ့ ရွာတွေပေါ့၊ ဒါပေမယ့်လည်း ဆန်ကို လမ်းကြောင်းသယ်ယူပို့ဆောင်ရတဲ့ နေရာမှာ ဆီဖိုးတွေလည်း တအားကုန်တယ်။ နောက်တစ်ခုက လမ်းကြောင်းက အိန္ဒိယဘက်ကနေ သွင်းရတဲ့ အနေအထားပေါ့၊ အိန္ဒိယဘက်ကနေ ဒီဘက်ပြန်ပြီးမှ ကိုယ့်မြန်မာဘက်အခြမ်း သွင်းရတာမျိုး။ အဲ့လိုမျိုးဆိုတော့ နှစ်ဆင့်သုံးဆင့် ကုန်တော့ ဆန်တစ်တင်း ပုံမှန်ပေါက်ဈေးထက်ကို သုံးဆလောက် ပေးပြီး ၀ယ်စားနေရတဲ့ အနေထားပေါ့။ တချို့နေရာမှာဆို ဆန် ကြီးထဲတောင် သူတို့ မစားနိုင်တော့လေ စပါးပဲ ၀ယ်ပြီးတော့မှ စပါးကို အိမ်မှာ မောင်းထောင်းပြီး ပြန်စားနေရာတာမျိုး၊ စကွဲ (ဆန်ကွဲ)လောက်ပဲ ၀ယ်စားရတဲ့ အနေထားမျိုးတို့ အဲလို မျိုးတွေပါ ရှိတယ်”
တမူးနယ် ခမ်းပတ်မြို့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ ခမ်းပတ်မြို့နဲ့ အောင်ဇေယျကျေးရွာကို ပြန်သိမ်းနိုင်ပြီလို့ သတင်းဖြန့်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းက စတင်ပြီး တမူမြို့နယ် ခမ်းပတ်မြို့အပါအ၀င် ရာဇဂြိုဟ်ကျေးရွာ စစ်အုပ်စုစခန်း၊ ဝိတုတ်ကျေးရွာ စစ်အုပ်စုစခန်းနဲ့ အောင်ဇေယျ ကျေးရွာ စစ်အုပ်စုစခန်း တွေကို တော်လှန်းရေး အင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
.