အားရချက်ပဲ ရလိုက်တာတွေရည်တွက်ဖို့နေ့တစ်ဝက်အချိန်ယူခဲ့ရ

နမ့်ဆန်က စစ်ကောင်စီစခန်းအားလုံးကို ရပြီလို့ TNLA ကြေညာ၊ သိမ်းမိတဲ့ လက်နက်ခဲယမ်းတွေကို ရေတွက်ဖို့ နေ့တဝက် အချိန်ယူခဲ့ရ

မဲခေါင်၊ ဒီဇင်ဘာ ၁၈

စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေတဲ့ နမ့်ဆန်မြို့က စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ဒီနေ့ ဒီဇင်ဘာလ ၁၈ရက်မှာ ကြေညာပါတယ်။

နမ့်ဆန်မြို့က ခလရ-၂၅၈၊ ထောက်ပို့တပ်အမှတ် (၆၂၆/၉၂၉) အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံနဲ့ ရဲစခန်း အပါအဝင် စကစ ဌာနဆိုင်ရာရုံးတွေကို ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက် ၄ လက်၊လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား အလောင်း ၆၀ကျော်နဲ့ စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ဦး၊ ရဲမိသားစုဝင် ၂၅ ဦးတို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ များပြားလွန်းတာကြောင့် ရေတွက်ဖို့အတွက် နေ့တပိုင်းအထိ အချိန်ယူခဲ့ရတယ်လို့ ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“လက်နက်တွေစီတာ၊ ရေတွက်တာကိုတင် တော်တော်အချိန်ယူရတယ်။ ထောက်ပို့တပ်လည်းရှိတော့ အများကြီးပဲ ရလိုက်တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီ နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ မန်တုံ ခလရ-၁၃၀ တပ်ကနေ လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေ Mi35 တစ်ကြိမ်၊ ART-42 ၅ကြိမ်၊ Jet Fighter ၁၉ကြိမ်၊ Y12 လေယာဥ် ၅ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။�

စစ်ကောင်စီ နမ့်ဆန်တပ်စခန်းတွေကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်တဲ့ ပတ္တမြားစေတီက ဘုရားနဲ့ စေတီတွေ လေယာဥ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သလို နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် အပါအဝင် လူနေအိမ် ၄၀ကျော် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *