မြိုင်မြို့တော့ လှုပ်နေပြီ

မြိုင်မြို့နယ် စီမံကိန်းရုံးရှိ စစ်ရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် စီမံကိန်းရုံး စစ်ဆေးရေးဂိတ်ရှိ ပြည်သူများကို စစ်ဆေး ငွေညှစ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြို့နယ် ပကဖ တပ်ရင်း ၁ ၊ သပြေတော ပကဖ နှင့် အတူ ဗိုလ်လင်းမြွေ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာမှ ဒဏ်ရာရ စစ်သား များကို ပခုက္ကူမြို့သို့ ပို့ဆောင်ရန် အင်အား ၈၀ ခန့်ဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၁ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း မြိုင်မြို့နယ် စက်မှု ၂ မှ သရက်ကန်ကျေးရွာသို့ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Thurain-TR (Pakokku)နှင့် Black Cobra Force (Pakokku)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *