ကိုးကန့်ဒေသတွင် ယာယီ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ချိုးဖောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့် ၄၉ ကြိမ် ဗုံးကျဲ တိုက်ခိုက် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို အကြမ်းဖက် စစ်ကောင်စီက ချိုးဖောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့် ၄၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့် MNDAA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ကိုးကန့်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အ ကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား တွေ့ဆုံခဲ့ပြီး သဘောတူညီမှုထားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များက ကိုးကန့်ဒေသ၊ လောက်ရှမ့်ထန်နေရာရှိ MNDAA ၏ ခံတပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာကာ သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း၊ ထို့နောက် ကိုးကန့်ဒေသ တွင် တိုက်ပွဲထပ်မံဖြစ်ပွားလာပြီး ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေ ကြောင်းမှ တိုက်ခိုက်မှု ၄၉ ကြိမ်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ ကိုးကန့်၊ လောက်ရှမ့်ထန်နယ်ခြားစောင့် တပ်အနီးတစ်ဝှက် ၁၅ ကြိမ် ၊ မူကွာကျိုင့်နောက်တောင်ကုန်းပိုက်ထပေါက်ပေါက်နေရာ နှင့် လောက် ကိုင် ၃၁၁ ငြိမ်းချမ်းရေးကွင်းအတွင်း ၄ ကြိမ် ၊ တာရှင်ကျိုင့် ၊ ကျင်ရှမ့်ချိန်နှင့်ကျင်စံကျောက် ၈ကြိမ် ၊ ကွမ်ရင်ရှမ်တောင်အောက်ခြေ ၊ တာကြာကျိုင့် ၊ လောက်ရှမ့်ထန်တောင် နှင့် ကျင်ရှမ့်ချိန်ဟိန်းလိစာ သင် ကျောင်းကို ၁၄ကြိမ် ၊ ရှိတုံ့ရွှေ နှင့် လောက်ရှုကုတ်နေရာကို ၃ ကြိမ် ၊ မာဟိုင်တောင်နေရာကို ၂ ကြိမ် ၊ တာရင်တောင် နှင့် ရှောက်ရင်တောင် ၃ ကြိမ် စသည်ဖြင့် စုစုပေါင်း ၄၉ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုသည် ပြည်သူလူထုနေရာ နေအိမ်ရပ်ကွက်များကို ဦးတည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ရပ်ကွက်များပျက်စီးမှုနှင့် လူသေဆုံးမှုများ အသေးစိတ် အခြေအနေကို အတည်မပြု နိုင်သေးကြောင်း MNDAA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။