ရွှေပြည်စိုး တို့ကတဲ့ပွဲအကြောင်းသတင်းထုတ်ပြန်(ရုပ်သံ)

မန္တလေးအနီး ဧရာဝတီမြစ်ရိုးမှာ ရွာမီးရှို့ လုယက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ အသေအပျောက် များဟုဆို၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုး ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုရဲ့ သံခွန်မော်တော်ကို ဒီဇင်ဘာ(၂၀)ရက်က ဒေါင်းကျွန်းကျေးရွာအနီးမှာ တော်လှန်ရေး တပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက် များတယ်လို့ မန္တလေးခရိုင် PDF တပ်ရင်း(၃) ရွှေပြည်စိုး စစ်‌ဆင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု (၁၆)ယောက် သေကာ ရှစ်ယောက် ဒဏ်ရာရပြီး သေဆုံးဒဏ်ရာရတဲ့ စစ်အုပ်စုတွေထဲ မန္တလေးမြို့ ရေကြောင်းရဲတပ်ဖွဲ့ရုံးက ရဲမှူးအဆင့် သူရအောင်ဆိူသူလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“မတ္တရာ အနောက်ခြမ်းက ရွာတွေကို မီးရှို့ပြီး ပြန်လာတဲ့ (စခ) အင်အား(၇၀)လောက်ပါတဲ့ သံခွန်ယာဉ်ကို ကျွန်တော်တို့ မန္တလေးခရိုင် တပ်ရင်း(၃)ပေါ့၊ MDY PDF အဖွဲ့သားတွေနဲ့အတူ မန္တလေးခရိုင် တပ်ရင်း(၄)၊ ပြီးတော့ ပုသိမ်ကြီး ပကဖ၊ နောက် GZP၊ BRA၊ ပြင်ဦးလွင် အမှတ်(၁) တပ်ရင်း၊ ပြီးတော့ မတ္တရာမြို့နယ် ပကဖတို့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်ပေါ့၊ (စခ) ၁၆ ကောင်ကို ကျွန်တော်တို့ သုတ်သင် နိုင်ခဲ့တယ်၊ ပြီးတော့ ရှစ်ကောင်ကျော် အပြင်းအထန် ဒဏ်ရာရခဲ့တယ်ပေါ့၊ ပြီးတော့ အဲ့ဒီ ရေကြောင်းရုံးက ရဲမှူး သူရအောင်ပါ ထိခိုက်ခဲ့တယ်ပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အဲ့ဒီ မစ်ရှင်မှာ ကျွန်တော်တို့ရဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီလိုလေး ပြောချင်ပါတယ်ဗျ” လို့ မန္တလေးခရိုင် တပ်ရင်း(၃) ၊ ရွှေပြည်စိုး ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ(၂၀)ရက် နေ့လည်ပိုင်းက မတ္တရာမြို့နယ် ဧရာဝတီမြစ်ရိုးက ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ပြီး ပြန်လာတဲ့ အင်အား(၇၀)ပါ စစ်အုပ်စု သံခွန်ရေယာဉ်ကို မန္တလေးခရိုင် တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ Generation Z Power-GZP (Mandalay) ၊ ပုသိမ်ကြီး ပကဖ၊ မတ္တရာ ပကဖ၊ ပြင်ဦးလွင် ခရိုင် တပ်ရင်း (၁)နဲ့ BRA တပ်ဖွဲ့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေပြည်စိုး စစ်ဆင်ရေး အပါအဝင် တော်လှန်ရေး အင်အားစုတွေက မန္တလေးမှာ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို အရှိန်မြှင့် တိုက်ခိုက်မယ်လို့ ကြေညာထားချိန် စစ်အုပ်စုကလည်း မန္တလေးမြို့ပေါ် လုံခြုံရေးတင်းကြပ် စစ်ဆေးတာ၊ လမ်းသွားလမ်းလာ ပြည်သူကို ဖမ်းဆီး ငွေညှစ်တာ၊ နေအိမ်တွေထဲထိ အတင်းအဓမ္မ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ် သိမ်းဆည်းတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *