ဂုဏ်သိက္ခာရှိစွာအလင်းဝင်ပါ

လက်နက်ချ အလင်းဝင်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်သားများအတွက် အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း

By လမ်းသစ်

အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်ကို နာခံပြီး ရှေ့တန်းရောက်နေတဲ့ စစ်သားတွေ ဖုန်းပြောတဲ့ အသံဖိုင်တွေ မကြာခဏ ကြားနေရပါတယ်။

“အခြေအနေမကောင်းဘူး။ ထိထားတယ်။ စစ်ကူလေး လွှတ်ပေးပါဦး” လို့ ဒဏ်ရာရ တပ်သားက ပြောနေပေမယ့် စစ်ကူရောက်မလာဘဲ “ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီးနေနော်၊ အချိန်ရရင် ဘုရားစာလေးရွတ်” ဆိုတဲ့ သူ့အထက်ပုဂ္ဂိုလ်ရဲ့ ချွေးသိပ်တဲ့ စကားသံပဲ ကြားခဲ့ရတာပါ။

မြန်မာစစ်တပ်ဟာ အခုချိန်မှာ နှစ်ပေါင်း ၇ဝ ကျော်အတွင်း အထိနာဆုံး အခြေအနေကို ကျရောက်နေတာ ဖြစ်ပါတယ်။ စစ်မတိုက်ချင်တော့လို့ ထွက်ပြေးသူတွေ၊ အသက်ဆုံးရှုံးမှာကြောက်လို့ လက်နက်ချသူတွေ၊ အလင်းဝင်သူတွေနဲ့အတူ စစ်တပ်ဟာ အလျှင်အမြန်ပဲ ပြိုဆင်းလာနေပါတယ်။

မျက်မှောက်ခေတ်မှာ အလင်းဝင်တယ်ဆိုတဲ့ စကားရပ်ဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။

တစ်ချိန်က မြန်မာစစ်တပ်ဆီကို လက်နက်အပ်တဲ့အခါ အလင်းဝင်တယ်ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံပိုင်မီဒီယာတွေမှာ အကျယ်တဝင့် အသုံးပြုတာ တွေ့ခဲ့ရပေမယ့် အခုတော့ မြန်မာစစ်သားတွေက တော်လှန်ရေး အင်အားစုတွေဆီ လက်နက်အပ် အညံ့ခံတာကိုသာ အလင်းဝင်တယ်၊ ပြည်သူ့ရင်ခွင် ခိုလှုံတယ်လို့ တစ်နိုင်ငံလုံးက သတ်မှတ်နေကြတာပါ။

ဆိုလိုတာကတော့ မြန်မာစစ်တပ်ဟာ အမှောင်ဘက်ခြမ်းကို ရောက်နေတယ်ဆိုတဲ့ သဘောပါပဲ။

နိုင်ငံအနှံ့ တော်လှန်ရေးတိုက်ပွဲတွေမှာ ကျရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အတွက် စစ်ရေးအရ အရေးကြီးတယ်လို့ သတ်မှတ်တဲ့ နယ်မြေတွေကိုသာ စစ်ကူတွေ၊ ပစ်ကူတွေ စေလွှတ်လေ့ရှိပြီး လက်အောက်ငယ် စစ်သားတွေရဲ့ အသက်ကိုတော့ ရှိတယ်လို့တောင် သဘောမထားပါဘူး။

အာဏာသိမ်းစစ်တပ် ဘယ်လောင်တောင် အင်အားနည်းနေသလဲဆိုရင် ကျဆုံးသူတွေထဲမှာ ဗိုလ်မှုးချုပ်အဆင့်ရှိတဲ့ လူတွေတောင် ပါနေပါတယ်။ ရဲဘော်ရဲဘက်စိတ်နဲ့ စစ်ကူပေးဖို့နေနေသာသာ အလောင်းပြန်ပေးမယ် ဆိုတာတောင် ပြန်မယူတဲ့အထိ လက်အောက်ငယ်သားတွေအပေါ် စာနာစိတ် ကင်းမဲ့တာပါ။

တိုက်ပွဲတွေ ပြင်းထန်လို့ ကိုယ့်ဘက်က စစ်ကူတွေ ရောက်မလာတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို စစ်ကောင်စီတပ်သားတွေ ကောင်းကောင်းကြီး နားလည်နေကြပါပြီ။ စစ်ကူစေလွှတ်ခဲ့ရင်တောင် စေလွှတ်ခံရတဲ့ တပ်သားတွေကိုယ်တိုင်က ထွက်ပြေးတာမျိုးတွေလည်း ရှိနေတာ မဟုတ်ပါလား။

အခြေအနေတွေကတော့ စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ကို ကိုယ်တိုင် ဖက်နဲ့ထုပ်ပြီး ပြေးရမယ့် အနေအထားပါပဲ။ သေခါနီးမှ လက်နက်ချ အညံ့ခံသူတွေက စောစောစီးစီး ကိုယ့်သဘောနဲ့ကိုယ် လက်နက်အပ် အလင်းဝင်သူတွေထက် နိမ့်ကျပြီး ပြည်သူတွေရဲ့ အမြင်ကြည်မှုရဖို့ ပိုဝေးကွာသွားပါတယ်။

အရင်က မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာပဲ စစ်ရေးပြင်းထန်ချိန်မှာတောင် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ပါဝင်လာတဲ့ ၁ဝ၂၇ စစ်ဆင်ရေး လှိုင်းလုံးကြီး နောက်ပိုင်းမှာ ဘယ်လိုမှ အသက်ရှုချောင်ပေါက် မရှိတော့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ (EROs) အကြား အခြေခံကျတဲ့ နားလည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ စတင်ရရှိလာနေချိန်၊ ပြည်လူအားလုံးရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ စိတ်အားထက်သန်မှု ထပ်ပေါင်းထည့်ထားတဲ့အခါ အာဏာရှင်တစ်စု ခါးကော့အောင် ခံလာရခြင်းလည်း ဖြစ်ပါတယ်။

ဘာအတွက် စစ်တိုက်နေသလဲ ဆိုတဲ့ မေးခွန်းကို စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပြီး အခြေအနေမှန်ကို သဘောပေါက်သင့်ပါပြီ။

“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဆိုတဲ့ ကရင်နီတပ်ဖွဲ့တွေရဲ့ သတိပေးသံကိုလည်း ကြားနေရပါပြီ။

စစ်ကောင်စီဟာ သူတို့ရဲ့ ထိခိုက်သေဆုံးမှု များပြားနေတာကို ဖုံးကွယ်ဖို့ တပ်တွင်းဝါဒဖြန့်ချီ စည်းရုံးတာတွေနဲ့ သူတို့လက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်တာတွေ လုပ်နေပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် စာနာစိတ်မရှိမှုကြောင့် လက်နက်ချတာတွေ တစ်နေ့တစ်ခြား ပိုများလာပါတယ်။ လက်နက်ချသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘယ်လို ကောင်းကောင်းမွန်မွန် ဆက်ဆံသလဲဆိုတာတွေကိုလည်း ဗီဒီယိုတွေမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။

လက်ရှိအချိန်မှာ အလင်းဝင်တာဟာ ရှက်စရာမဟုတ်ဘဲ ဓမ္မဘက်ကို ကူးပြောင်းတာဖြစ်လို့ ဂုဏ်ယူစရာပါ။

အလင်းဝင်တဲ့အခါ လက်နက်တွေယူလာရင် ဆုချီးမြှင့်ငွေရရှိမယ်၊ စစ်မြေပြင်မှာ ကျည်တစ်ချက်မှ မဖောက်ဘဲ အလံဖြူပြပြီး အလင်းဝင်မယ်ဆိုရင် အကျိုးခံစားခွင့်တွေ့ရမယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်ကပဲ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ စစ်သားနဲ့ ပြည်သူ့စစ်တွေ ရာနဲ့ချီ လက်နက်ချ အလင်းဝင်ခဲ့လို့ ဆုငွေတွေ ချီးမြှင့်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသေးတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကူမပေးနိုင်တော့တာကြောင့် မြန်မာစစ်သားတွေ အသက်မသေချင်ရင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ဘက်ပြောင်းရေးအစီအစဉ်မှာ ပါဝင်ကြဖို့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံရာကနေ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုအောက် နည်းမျိုးစုံနဲ့ ဘက်ပြောင်းရောက်ရှိလာဖို့ ရည်ရွယ်တာပါ။

ဒီအစီအစဉ်မှာ ပါဝင်လာမယ့် စစ်သားတွေရဲ့ ရာထူး၊ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အာမခံပေးမယ့်အပြင် နောင်တစ်ချိန် နိုင်ငံ့ကာကွယ်ရေး တာဝန်တွေ ပြန်လည်ထမ်းဆောင်ချင်ရင်လည်း ခွင့်ပြုသွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

IEC ရဲ့ ဘက်ပြောင်းရေးအစီအစဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်နဲ့ ဆက်စပ်နေပြီး ၂ဝ၂၂ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာခဲ့တဲ့ ရဲနဲ့စစ်သား ၂,၂ဝဝ ကျော် ရှိခဲ့ပါတယ်။

၂ဝ၂၃ ခုနှစ်မှာဆိုရင် အလံဖြူပြ လက်နက်ချ အလင်းဝင်လာသူ အရေအတွက်ဟာ ပိုလို့တောင် များလာပါတယ်။

အခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်သားတွေအနေနဲ့ တစ်ဖက်ပိတ် အမိန့်တွေကို စွန့်ခွာပြီး ကိုယ့်အသက်ကို ကိုယ်ကာကွယ်ရမယ့် အခြေအနေ ရောက်နေပြီဖြစ်သလို၊ တိုင်းပြည်အာဏာကို မူလပိုင်ရှင် ပြည်သူ့လက်ထဲ ပြန်အပ်ပြီး ကိုယ့်အရှက်ကို ကိုယ်ကာကွယ်ရတော့မယ့်အချိန် ရောက်လို့နေပြီပဲလည်း ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *