အိန္ဒိယက လေယဉ်စရိတ် မတတ်နိုင်တော့ဘူးမအလရဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ လက်နက်များနှင့်အတူ ထွက်ပြေး ရောက်ရှိ၊ အိန္ဒိယသို့ ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝဒေသမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်အခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦး လက်နက်များနှင့်အတူ ထွက်ပြေးရောက်ရှိလာကြောင်း အိန္ဒိယသတင်းဌာနများက သတင်းဖော်ပြကြသည်။

ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြန်မာနိုင်ငံ ပလက်ဝဒေသဘက်မှ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲသို့ မြန်မာစစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦးသည် လက်နက်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၈ ဦးသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖိုင်တပ်ဖွဲ့ထံတွင် လက်နက်ချပြီး ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ AA က ပလက်ဝ ဒေသတစ်ခုလုံးကို ထိုးစစ်ဆင်းတိုက်ခဲ့ပြီးနောက် နှမဒါဗျူဟာ၊ ခန်ခတောင် ဗျူဟာနှင့် တရွန်အိုင်၊ နှုံဘူး ဗျူဟာကုန်းမှ စစ်သားများ ထွက်ပြေးကြရာမှ မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တပ်တော်က ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။

ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေဖြင့် အသွားအလာ အထူးသတိထားကြရန် AA အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ပလက်ဝမြို့တိုက်ပွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းတို့ကို AA က တိုက် ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသည် အိန္ဒိယ ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြကြောင်း၊ ပလက်ဝအတွင်း AA အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာတွင် ၃ ကြိမ်၊ ဒီဇင်ဘာတွင် ၁ ကြိမ်နှင့် ၂၀၂၄ ဇန်နဝါရီတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိလာခဲ့ပြီ စစ်ကောင်စီတပ်သား ထွက်ပြေးသည့် အရေအတွက် ၄၁၆ ဦး ရှိလာပြီဖြစ် ကြောင်း၊ ယခုထွက်ပြေးလာသည့် စစ်သားအရေအတွက် ၂၇၈ ဦးပါ ထည့်ပေါင်းလျှင် ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး Manoj Pande က အိန္ဒိယဘက်သို့ ၂ လအတွင်း မြန်မာစစ်သား ၄၁၆ ဦး ထွက်ပြေး လာကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့ ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

အိန္ဒိယဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယစစ်တပ် က မြန်မာနိုင်ငံဘက်အခြမ်းသို့ အိန္ဒိယအစိုးရက မကြာခဏဆိုသလို လွှဲပြောင်း ပြန်လည်ပို့ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *