ကားတန်းကြီးမီးခိုးအူသွားပြီ

စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါသော ယာဥ်တန်း သရက်ချောင်းတွင် မိုင်းဆွဲခံရပြီး ထိခိုက်မှု အခြေအနေ မသိရသေး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါလာတဲ့ ယာဥ် တန်း ကို မနေ့က ထားဝယ်-မြိတ်ကားလမ်းပေါ် သရက်ချောင်းမြို့နယ် ထဲမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးအဖွဲ့က သရက်ချောင်းမြို့ အထွေထွေ အုပ် ချုပ် ရေးမှူးရုံးမှာပြုလုပ်တဲ့ မြို့နယ်တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်း တွေနဲ့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တာပါ။

အဲဒီနောက် ထားဝယ်မြို့ကို ကားနှစ်ဆယ်ဝန်းကျင် ပါယာဥ်တန်းနဲ့ ပြန်လာတဲ့ အချိန် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာ အကြားက တောက်ထိန်တောင်အနီးမှာမိုင်းဆွဲခံခဲ့ရတာပါ။

“အရင်ဆုံး ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြီးတော့ သေနတ်ပစ် သံတွေထပ်ကြားတယ်။ ရွာအပြင်ဘက်မှာဖြစ်တာပါ” လို့ ညောင်ဇင်ရွာ ဒေသ ပြည်သူ တစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ ယာဥ်တန်းမှာပါလာတဲ့ စစ်ကောင်စီ တပ်သားတွေက သေနတ်တွေရမ်းသမ်းပစ်ခတ်ပြီး ထားဝယ်မြို့ ဘက်ကို ဆက်လက်မောင်းနှင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် ယာဥ်တန်းနောက်ဆုံးက စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo ကားနှစ်စီး ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီမိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေအသေစိတ်ကိုတော့ မသိရသေးပါဘူး။

ယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် သိပ်မကြာခင်မှာပဲ လမ်းတလျောက်လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်သားတွေ အင်အား တစ်ရာကျော်လောက် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာတွေထဲကို ရောက်လာပြီး ရွာထဲကနေအိမ်တချို့ကို မွှေနှောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်လောက်ဟာ ဒီနေ့မနက်ပိုင်းမှာလည်း သရက်ချောင်းမြို့နယ်က ကြာအင်းရွာထဲကို ခြေလျင်ဝင်ရောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ယာဥ်တန်းတိုက်ခိုက်မခံရခင် နှစ်ရက်အတွင်းမှာလည်း စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဟာ သရက်ချောင်းမြို့နယ်၊ ဥတ္တူ ရွာထဲကို စစ်ကြောင်း ထိုး ဝင်ရောက်ပြီး ရွာထဲကနေအိမ် ၇ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *