မအလကပွဲရှာနေတာပါ ပြေးရင်ဘယ်ပြေးရမလဲလို့

ဇန်နဝါရီ ၁၉ ရက်

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးတွင် တည်ရှိသည့် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စရပ်တို့နှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီနှင့် ထိုင်းအစိုးရ အကြိမ်ကြိမ်တွေ့ဆုံနေမှုအပေါ် စိုးရိမ်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထံက သိရသည်။

စစ်ခေါင်းဆောင်နှင့် ထိုင်းအစိုးရတို့ တွေ့ဆုံမှုသည် နှစ်ကုန်ပိုင်းမှစ၍ ယခုလ၊ ဇန်နဝါရီ ၁၆ ရက်က ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ Army Operations Center ၊ Neighboring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲ General Kittisak Boonprathamchai နှင့် တွေ့ဆုံမှုအထိ သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ပူပေါင်းတပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကျားဖြန့် ငွေလိမ်ဂိုဏ်းများသည် ၎င်းတို့အားကိုးရာ စစ်ကောင်စီနှင့်အတူ အထိနာ ထွက်ပြေးနေရချိန် ထိုင်းအစိုးရကလည်း ထိုဂိုဏ်းများအား နှိမ်နင်းပေးရန် စစ်ကောင်စီကို ဖိဖိစီးစီး တောင်းဆိုလာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က အဲ့ကိစ္စနဲ့ လုံးဝကင်းကင်းရှင်းရှင်း နေတဲ့အခါကြောင့်မို့ ဘာမှစိုးရိမ်စရာလဲ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ကျွန်တော်တို့ လုပ်ရမယ့် ပေါ်လစီ၊ မူဝါဒတွေက အခိုင်အမာ ရှိထားတဲ့အပေါ်မှာ ဒီအလုပ်ကိုပဲ ဇောက်ချလုပ်နေတာပဲ။ ကင်းကင်းရှင်းရှင်း နေတယ်ဆိုတာ ကိုယ်က လိပ်ပြာသန့်သန့်နဲ့ အလုပ်လုပ်နေတယ်လေ။ ဘာမှစိုးရိမ်စရာ မရှိဘူး” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ယမန်နှစ် ဒီဇင်ဘာ ၂၇ ရက်က ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး Lieutenant General Jakkapong Janpengpen နှင့်တကြိမ်၊ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Songwit Noonpackdee နှင့်တကြိမ် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုများတွင် တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြ၀တီမြို့အနီးရှိ နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရေးတို့ ကိုဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများအရ သိရသည်။

“အခုနိုင်ငံတကာမှာ ကျော်မကောင်းကြားမကောင်းတွေဖြစ်နေတဲ့ ကျားဖြန့်လို ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ နယ်စပ်တကြောမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို ‌ဖြေရှင်းဖို့အတွက်ကတော့ ဒီပြဿနာရဲ့အရင်းအမြစ်က စစ်ကောင်စီကနေ လာတာဖြစ်တယ်။ စစ်ကောင်စီကို မဖြိုခွင်းဘဲနဲ့ ဒီလိုမျိုး သွားတွေ့ပြီး ဆွေးနွေးတဲ့ ကိစ္စတွေက ကျွန်တော်တို့မြင်တာကတော့ ဘာအဖြေမှ ထွက်မှာလည်းမဟုတ်ဘူး“ ဟု ပဒိုစောတောနီးက ဆိုသည်။

KNU အနေဖြင့် ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ရာဇဝတ်မှုလုပ်ငန်းများကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့နှင့်မဆို တိုက်ဖျက်သွားရန် အသင့်ရှိနေသလို KK-Park မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုမှုများသည်လည်း မဟုတ်မမှန်ဟု ထုတ်ပြန်ငြင်းဆိုထားပြီး အိမ်နီးနားချင်း နိုင်ငံများနှင့် ဆက်ဆံရေးကို ယခင်ရှိထားသည့် အနေအထားထက် ပိုကောင်းအောင်လုပ်နေကြောင်း သိရသည်။

မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် KK Park မြို့တို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများကြောင့် ယခုနှစ်ပိုင်းအတွင်း နိုင်ငံတကာ သတင်းစာမျက်နှာများတွင် အာရှ၏ ဒုစရိုက်မြို့များအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာမှ အလုပ်အကိုင် ရှာဖွေသူများကို လိမ်လည်ခေါ်ဆောင်၍ ယင်းမြို့များတွင် ကျွန်ပြုခြင်း၊ ပိတ်လှောင်၍ ရိုက်နှက်ခိုင်းစေကာ အွန်လိုင်းမှငွေလိမ်ခိုင်းခြင်း စသည့် လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်သော နေရာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရွှေကုက္ကိုလ်နှင့် KK Park မြို့များသည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် – BGF များ၏ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိကာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကိုလည်း BGF တို့က လုပ်ကိုင်နေကြောင်း နိုင်ငံတကာအစိုးရများက စွပ်စွဲပြောဆိုထားသည်။

ဓာတ်ပုံ-စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့တွေ့စုံစဥ်( ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *