ဗန်းပြရုံသက်သက် ပွဲလန့်တုန် ဖျာခင်းတာ

PNO ပြည်သူ့စစ်က ကျေးရွာအုပ်စုများတွင် လက်နက်ဆင်ပေးကြောင်း ဝါဒဖြန့်၊ တစ်အိမ်ငွေကျပ် တစ်သိန်းပေးရဟု ဒေသခံများဆို

ဇန်နဝါရီ ၂၉

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ကျေးရွာအုပ်စုများကို လက်နက်တပ်ဆင်ပေးကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ဝါဒဖြန့်သတင်းထုတ်ပြန်သည်။

ပအိုဝ်းပြည်သူ့စစ် PNAသည် အထူးဒေသ (၆)အတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာသူများကို ချေမှုန်းတိုက်ထုတ်သွားမည်ဟုဆိုကာ ကျေးရွာအုပ်စုတိုင်းတွင် လက်နက်တပ်ဆင်ပေးနေကြောင်း ဝါဒဖြန့်ချီလာခြင်းဖြစ်သည်။

“အဲဒီသတင်းမဟုတ်ပါဘူး။ ကျွန်တော်က ရွာမှာပဲနေတာ အသိဆုံး။ သက်သက်ဝါဒဖြန့်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

PNAက ပအိုဝ်းဒေသတွင် လူငယ်များကို ဖမ်းဆီးကာ လူသစ်စုဆောင်းခြင်း၊ ယခုကဲ့သို့ လက်နက်တပ်ဆင်ရန် တစ်အိမ် ငွေကျပ်တစ်သိန်းကောက်ခံခြင်းတို့ကြောင့် လူငယ်များ ထွက်ပြေးကြရသည်ဟု ဒေသခံတချို့ကလည်း ပြောသည်။

“တပ်သားသစ်စုဆောင်းဖို့၊ ပြည်သူ့စစ်က ပြင်ဆင်‌နေတာ တစ်အိမ် ငွေကျပ်(၁)သိန်းပါထည့်ဝင်ငွေ ပေးရတယ်။ PNLAက ပြည်သူ့စစ်ကို မတိုက်ချင်ဘူး။ ဒါပေမယ့် စကစနဲ့ ပေါင်းပြီးပါလာရင် ပအိုဝ်းအချင်ချင်းလည်း ညှာတာမှာမဟုတ်ဘူးလို့ အတိအလင်းကြေညာထားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

PNAက အထူးဒေသ(၆)တစ်ရပ်လုံး တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရပ်ရွာဒေသအားလုံး လုံခြုံရေးအတွက် ကျေးရွာအုပ်စုတိုင်းမှာ လက်နက်တပ်ဆင်ပြီး အထူးလုံခြုံရေးကို ဆောင်ရွက်သွားမည်ဟု ဝါဒဖြန့်ထားသည်။

“ပွဲလန့်မှ ဖျာခင်းတာပါ။ မဖြစ်ခင်က ဘာအတွေးအခေါ်မှမရှိတဲ့ PNO၊ ကိုယ်ကျိုးစီးပွားရေးသက်သက်သာလုပ်တဲ့အဖွဲ့၊ ရပ်ကျိုးရွာကျိုးလည်း ဘာမှမရှိ၊ စကစနဲ့ပေါင်းလုပ် ပေါင်းစားတာလည်းကြာပြီ။ ဘာမှ မကြားမိသေးဘူး။ ဗန်းပြရုံသက်သက်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်ကို ထိန်းချုပ်ထားသည့် PNLAတပ်များကိုလည်း PNAက စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

Photo:PNA က ဝါဒဖြန့်ထားသည့် ဓာတ်ပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *