ရေလယ်ကျွန်းကို ရိက္ခာလာပို့တဲ့ စကစ စစ်ကြောင်း ဆော်ခံရ

ရေလယ်ကျွန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရ

+++++++++++++++++++

ဇန်နဝါရီ၊ ၃၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်း ဒေသကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးခရိုင်အမှတ် (၅) တပ်ရင်း တပ်ခွဲ (၂)၊ ရဲဘော်ညီနောင် ပြောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ကျော်ကြီးက အတည်ပြု ပြောကြားပါတယ်။

ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ မင်းရွာ (သို့) ပျူရွာကို ရိုက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စစ်သားတွေနဲ့ ပျူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီလ ၂၈ ရက်နေ့၊ မနက် ၇ နာရီလောက်မှာ ရေစကြိုမြို့ ရုံးပေါင်းစုံ (ထွေအုပ်ရုံး) မှ ထွက်ခွာလာတာလို့ သိရပါတယ်။

အဆိုပါ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေလည်ကျွန်း မိဘုရားရွာ ဆိပ်ကမ်းသို့ တက်လာခဲ့ပြီး မိုးကွဲရွာအနောက်ဘက်ကို မနက် ၈နာရီ အချိန်မှာ ရောက်ရှိလာချိန် အသင့် စောင့်ကြိုနေတဲ့ ဒေသခံ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“ကျွန်တော်တို့ဘက်က Drone တွေရော၊ ၆၀ မမတွေ၊ ၄၀ မမ၊ RPG တွေနဲ့ပါပစ်တော့ စကစ စစ်ကြောင်းက ၇ဦးထိသွားပါတယ်” လို့ ရဲဘော် ကျော်ကြီးက မောင်းကို အတည်ပြုပါတယ်။

ထို့နောက် ရေလည်ကျွန်း၊ သေမျှော်ရွာနှင့် ညောင်ပင်ရွာကြားမှာ ဒုတိယအကြိမ် နေ့လည် ၁၁နာရီမှ ညနေ ၄နာရီထိ ဆက်လက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဒုတိယအကြိမ်ဖြစ်တော့ ကျွန်တော်တို့က ဦးစွာ နေရာယူ ညှပ်ပြစ်ပြီး တရစပ်တိုက်တာဆိုတော့ သူတို့ အထိနာသွားပါတယ်၊ စကစ ၁၀ဦးခန့်လောက်ထိမယ်လို့ ခန့်မှန်းရပါတယ်၊ သူတို့ စစ်ကြောင်းလည်း ကစဉ့်ကလျားဖြစ်ကုန်တာ” လို့ ရဲဘော် ကျော်ကြီးက ဆက်လက် ပြောကြားပါတယ်။

ဒေသခံ တော်လှန်ရေးတပ်တွေဟာ ညနေ ၄နာရီထိ စစ်ကောင်စီ စစ်ကြောင်းနောက်ကို တရစပ်လိုက်လံပစ်ခတ်မှု ပြုလုပ်စဉ် ကျည်ဆံ မလုံလောက်မှုကြောင့် အရှင်ဖမ်းဆီးနိုင်မဲ့ ဒဏ်ရာရ စစ်ကောင်စီစစ်သား ၃ဦးကို ရှေ့တက်မဆွဲနိုင်ပဲ လက်လွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထောက်ပို့တွေကို ယခင်က မြင်းခြံဘက်မှ ပို့နေကြဖြစ်ပြီး တော်လှန်ရေးတပ်တွေက ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် ရေလယ်ကျွန်းဘက်က နေ ပို့ရာမှ အခုလို တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၃) ၊ ညောင်ဦးခရိုင်တပ်ရင်း (၅)၊ ညောင်ဦးခရိုင် တပ်ရင်း (၅) တပ်ခွဲ (၂) ရဲဘော်ညီနောင်ပျောက်ကြားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ၊ ရေစကြို ပလဖ ၊ CDSOM နှင့် မဟာမိတ်ညီနောင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *