ဟိုင်းကြီးကျွန်းကိုပြေးကြပြန်ဘီဗျို့

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ခလရ(၃၈) နှင့် ခမရ ( ၃၀၈) တို့မှ အရာရှိပိုင်းတပ်မိသားစုဝင်များကို ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်သို့ ပြီးခဲ့သည့်ဇန်နဝါရီလ ၂၇ ရက်ကစပြီးအရေးပေါ်ပြောင်းရွှေ့နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပုသိမ်မြို့အခြေစိုက် ခလရ (၃၈) နှင့် ခမရ(၃၀၈) တပ်ရင်းများမှ တပ်မိသားစုဝင်အိမ်ထောင်စု ၇၀ ကျော်ကို တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရမည့်အပေါ် စိုးရိမ်၍ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ခလရ -၃၈ နဲ့ခမရ-၃၀၈ တပ်ရင်း ကတပ်မိသားစုတွေ အကုန်ပမ္မဝတီဘက်ကိုပြောင်းပြေးသွားပြီ။ တပ်ထဲမှာ တပ်မိသားစုအနည်းငယ်ပဲကျန်တော့တယ်”ဟု ခလရ (၃၈)နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ခလရ(၃၈) နှင့် ခမရ (၃၀၈) တပ်တွင်း၌ မြို့နယ်အနှံ့မှ ပျူစောထီး(ပြည်သူ့စစ်) သင်တန်းဆင်း လူငယ်အချို့ကို အင်အားဖြည့်တင်းထားပြီး တပ်ဝန်းကျင်တွင် မိုင်းထောင်ခြင်းနှင့် ခံတပ်ကတုတ်ကျင်းများ တူးထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

“တပ်ထဲမှာလူနည်းနေပြီ။ရှေ့တန်းထွက်တာရယ် တပ်ပြေးတာရယ်ဆိုတော့လူမရှိတော့ဘူး။တပ်အောက်ခြေအဆင့်တွေတော်တော်လျော့သွားတယ်။အဲဒီအတွက်ပြည်သူ့စစ်သင်တန်းဆင်းတွေကို တပ်ထဲပြန်ခေါ်ထားတယ်” ဟု ခမရ(၃၀၈)နှင့်နီးစပ်သည့် တပ်သတင်းရင်းမြစ်ကဆိုသည်။

အလားတူ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလအတွင်းကလည်း ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် အတွင်းရှိ အရာရှိအကြီးပိုင်းတပ်မိသားစု များမှာ တပ်တွင်းမှ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ-ပုသိမ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များတွေရစဥ်(ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *