စိတ်ထဲအရမ်းခံစားရတယ်ကွာ သူ့စိတ်ဓာတ်လေးကလေးစားစရာ

အသက်စွန့်ပြီး သေနတ်ကောက်ပေးသွားခဲ့တဲ့ လူငယ်ရဲဘော်လေး “ ကျနော်တို့တွေ အခုအချိန်အထိ လက်လုပ်သေနတ်တွေနဲ့ တိုက်နေရတုန်းပဲ ” ဆောင်းပါး – ခတ္တာမေ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၄ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေဟာ နိုင်ငံရေးနည်းလမ်း၊ လက်နက်ကိုင်နည်းလမ်း အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလုပ်ဆောင်နေခဲ့ကြတာ အခုဆိုရင် ၃ နှစ်ကျော်လာခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး ရရာလက်နက် ဆွဲကိုင် တော်လှန်တဲ့ လူငယ်တွေထဲမှာ အသက် ( ၂၃ ) နှစ်အရွယ် ရဲဘော်ကုလားလေးလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ ကိုဝိုင်းချစ်မင်း ဖြစ်ပါတယ်။ လူကောင်သေးသေး၊ အသားညိုညို နဲ့ အဖွဲ့ထဲမှာ ဖော်ဖော်ရွေရွေ နေထိုင်တတ်သူမို့ သူ့ကို ရဲဘော်ရဲဘက်တွေက ရဲဘော် ကုလားလေး ဆိုပြီး ချစ်စနိုး နဲ့ အမည် ပြောင်မှည့်ပေးခံရသူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ စစ်ဖိနပ်အောက်မှာ မတရားတာကို လက်ပိုက် ကြည့်မနေနိုင်ဘူးဆိုပြီး ရန်ကုန်မှာ နှလုံးရောဂါသည် မိခင် နဲ့ ချစ်ရသူတွေကို ကျောခိုင်းခဲ့ကာ တိုင်းပြည်အတွက် အသက် ပေးရပေးရ တိုက်ပွဲ ဝင်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ Myingyan Black Tiger (MBT) မှာ သင်တန်းတက်ရောက်ပြီး ပြည်သူ့ ရဲဘော်တဦး ဖြစ်လာခဲ့သူပါ။ သူဟာ စစ်အာဏာမသိမ်းခင်က ရန်ကုန်မြို့မှာ နေထိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင် နေတဲ့ သာမန်လူငယ် တဦးပဲ ဖြစ်ပါတယ်။ MBT တပ်ဖွဲ့ဝင်တဦးက ကိုဝိုင်းချစ်မင်းရဲ့ သတ္တိရှိမှုကို “ သူက အဖွဲ့ထဲမှာလည်း အားကိုးရလို့ လူချစ် လူခင် အရမ်းများသလို စစ်ရေးလည်း ကျွမ်းကျင်ပြီး ရှေ့ဆုံးကနေ အသေခံတိုက်ရဲတဲ့ သူတစ်ယောက်ပဲ” လို့ ဆိုပါတယ်။ MBT ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ် နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေမှာ စစ် ဆင်ရေးတွေ လှုပ်ရှားနေတဲ့ အဖွဲ့လည်းဖြစ်သလို သက်ဆိုင်ရာဒေသက အခြားသော တော်လှန်ရေးအင်အား စုတွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးတွေ အတူတကွ ဖော်ဆောင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ကိုဝိုင်းချစ်မင်းတို့ MBT တပ်ဖွဲ့ဟာ လက်နက်၊ ခဲယမ်း နဲ့ ငွေကြေးအင်အား မတောင့်တင်းဘဲ မတရားမှု နဲ့ အကြမ်းဖက်ရက်စက်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ဆန္ဒပြင်းပြနေတဲ့ လူငယ်တွေအများ အပြားနဲ့ ဖွဲ့စည်း ထားတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ အခုဆိုရင် MBT တပ်ဖွဲ့ဝင်ဟာ ရာဂဏန်းကျော်နေပါပြီ။ ဒါ့ကြောင့် ကိုဝိုင်းချစ်မင်း အပါအဝင် ရဲဘော်တွေ အများစုဟာ ကိုယ်တိုင်တီထွင်ကြံဆထားကြရတဲ့ လက်လုပ် သေနတ်တွေကို အားကိုးပြီး မောင်းပြန်သေနတ် နဲ့ လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ စစ်ကောင်စီ စစ်ကြောင်း တွေကို ရင်ဆိုင်ခုခံကြရပါတယ်။ အဲဒီလို လက်နက်ခဲယမ်း မပြည့်မစုံဖြစ်နေတဲ့ သူရဲ့ တပ်ဖွဲ့ကို ကိုဝိုင်းချင်းမင်း တယောက် အားမလိုအားမရ ဖြစ်နေခဲ့တာကြာပါပြီ။ အာဏာသိမ်းပြီး အခု ၃ နှစ်အတွင်းမှာ MBTတပ်ဖွဲ့က တိုက်ခဲ့ကြတဲ့ တိုက်ပွဲပေါင်း ၂၀၀ ကျော်ကို လက်လုပ်သေနတ်တွေနဲ့ တိုက်ခဲ့ကြရတာ သူကိုယ်တိုင် ကြုံတွေ့ထားပြီးလည်း ဖြစ်ပါတယ်။ MBT အဖွဲ့ရဲ့ ဌာနချုပ်အပါအဝင် တပ်ခွဲတွေအားလုံးမှာ ရဲဘော်အများစုဟာ လက်လုပ်သေနတ်တွေပဲကိုင်နေရပြီး မောင်းပြန်ကိုင်နိုင်တာက အဖွဲ့ရဲ့ ၁၀ ပုံ ၁ပုံပဲရှိတယ်လို့ MBT တပ်ဖွဲ့ဆီက သိရပါတယ်။ တပ်ဖွဲ့အတွက် အဓိကလိုအပ်တဲ့ ငွေကြေးကို တတ်နိုင်သူတယောက်မဟုတ်တဲ့အတွက် တိုက်ပွဲတွေမှာ သူရဲ့ တပ်ဖွဲ့ဝင်တွေအတွက် စစ်ကောင်စီတပ်တွေဆီက သေနတ်တွေရအောင် ကောက်ပေးမယ်လို့ သူရဲ့ ရဲဘော် ရဲဘက် တွေကို ကတိစကားဆိုခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက မောင်းသတင်းဌာနကို ပြောပြ ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ရေးအရှိန်မြင့်ဖို့အတွက် ကိုဝိုင်းချစ်မင်း အပါအဝင် ရဲဘော် ၆ ယောက်ကို MBT ဌာနချုပ် စေလွှတ်ခဲ့ပါတယ်။ ထိုစစ်ဆင်ရေးက မြင်းခြံမြို့နယ် စံပြကျေးရွာမှ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ ကိုဝိုင်းချစ်မင်းဟာ MBT ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက စစ်သင်တန်းဆင်းခဲ့တဲ့ အပတ်စဉ် ၆ သင်တန်းဆင်း ရဲဘော်တဦးဖြစ်ပါတယ်။ “ဆရာတို့အတွက် ကျနော် ဂန်းရအောင်ယူခဲ့မယ်။ ကျနော့် ရဲဘော်တွေကို လက်လုပ်မကိုင်စေချင်ဘူး၊ ခွေးတွေ ဆီက ဂန်းရအောင်လုခဲ့မယ်၊ ကျွန်တော်ကြိုးစားမယ် ” လို့ ကိုဝိုင်းချစ်မင်းက ကတိစကားဆိုခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲ က ပြန်ပြောပါတယ်။ ကိုဝိုင်းချစ်မင်းတို့ MBT တပ်ရင်း ၉ တပ်ဖွဲ့ အပါအ၀င် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ မြင်းခြံမြို့နယ် စံပြကျေးရွာထဲက ကျေးလက်ဆေးပေးခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီးတော့ နှစ်ဖက်အကျအဆုံးတွေလည်းရှိခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်ခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီထုတ် MA-1 မောင်းပြန်သေနတ် သုံးလက် နဲ့ ကာဘိုင်သေနတ်တစ်လက်တို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ တိုက်ပွဲအတွင်းမှာ ကိုဝိုင်းချင်းမင်းက ရွံရွံချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ MA-1 မောင်းပြန်သေနတ်တလက်ကိုလည်း တက်ကောက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီမောင်းပြန်တစ်လက်ရဖို့ အတွက်တော့ သူရဲ့ အသက်ကို ပေးဆပ်လိုက်ရပါတယ်။ သေနတ်တက်ကောက်ပြီး ပြန်အလှည့်မှာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ထိမှန်ပြီး နေရာမှာပင် ကျဆုံးသွားခဲ့ရပြီး သူရဲ့ ရုပ်အလောင်းကိုပါ ပြန်မကောက်နိုင်ခဲ့ကြပါဘူး။ ဗိုလ်မိုက်ခဲက “ သူ့ ကတိအတိုင်း ဂန်းကို ရအောင်ယူခဲ့ပေးသွားတယ်။ သူရဲ့ အလောင်းကို ကျနော်တို့ ပြန်မရခဲ့ ပါဘူး ” ဟု ပြောပါတယ်။ MBT အဖွဲ့ဟာ လက်နက်အင်အားမမျှတမှုတွေနဲ့ ခဲယမ်း မလုံလောက်မှုတွေကြောင့် တပ်ဖွဲ့ဝင်တွေ အခုလို ကျဆုံးနေရပြီး ရှေ့ကတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ၃ ဦးအထိ ကျဆုံးထားပြီးတယ်လို့ သိရပါတယ်။ ကို၀ိုင်းချစ်မင်းကို ကျဆုံး အမိန့်ပြန်တမ်း ထုတ်ပြန်ပေးခဲ့တဲ့ အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကတော့ “ကိုယ့်ရဲဘော် တွေ အခုလိုဖြစ်သွားတဲ့အတွက် ခံစားရတာပေါ့၊ အပွင့်လင်းဆုံးပြောရရင် ငိုရတဲ့ သူက ကျနော်တော့ မဖြစ်ချင် ဘူးဗျ၊ ကျနော် တို့က တော်လှန်ရေးလုပ်နေတာ၊ ကျနော် တို့က ခေတ်ရဲ့စစ်သားတွေ၊ ခုခံစားနေရတာ တွေကိုလည်း သည်းခံပြီး တော်လှန်ရေးအောင်မြင်လာအောင် စကစကို တိုက်ရမယ်ပေါ့နော်၊ အဲဒီစိတ်နဲ့ပဲ ကျွန်တော်တို့ အားတင်းထားပါတယ်” လို့ ဆိုပါတယ်။ ခေတ်ရဲ့ ဝန်ကို ထမ်းရင်း အသက် ၂၃ နှစ်အရွယ် ကြယ်လေးတစ်ပွင့်တော့ ကြွေခဲ့ရပြန်ပါပြီ။ ရဲဘော် ကုလားလေး(ခေါ်) ကိုဝိုင်းချစ်မင်း ရဲ့ ဈပနကတော့ သူရဲ့ ရုပ်အလောင်းတောင်မပါဘဲ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ MBT တပ်ဖွဲ့ဝင် ယူနီဖောင်းကိုသာ မီးရှို့သဂြိုလ်ပေးခဲ့လိုက်ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *