နံနက်ခင်းမဂ်လာသတင်းလေး သာလီစွပါ

စစ်ကောင်စီ၏ ကျောက်တော်ခမရ ၃၇၆ တပ်နှင့် မြောက်ဦး ခမရ ၃၇၈ တပ် ၂ ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက် ၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၀၀ ဦးနီးပါးရှိလာ■ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးနှင့်ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျရောက်ပြီး ၂ ဦးသေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၆ နှင့် မြောက်ဦးရှိ ခမရ ၃၇၈ တပ်ရင်း ၂ ခုလုံးကို ရခိုင်တပ်တော် AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၆ တပ်ရင်း” တစ်ရင်းလုံး ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် မြောက်ဦးမြို့ရှိ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၈ တပ်ရင်း” တစ်ခုလုံးကိုလည်း ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြိုမှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတချို့ကို AA က ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေကြောင်း၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့တွင်မူ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲဝင်များကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း ထပ်မံထွက်ပြေးနေကြကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ စစ်ကောင်စီတပ်သား ၆၀ ကျော် ထွက်ပြေသွားပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာသော သတင်းများအရ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၉၅ ဦးရှိပြီး အချို့မှာ ဒဏ်ရာများရရှိထားကြောင်း သိရှိရသည်။ “မြန်မာဘက်က နယ်ခြားစောင့်ရဲတွေ ဘင်္ဂလားဒေ့ရှ်ထဲကို လက်နက်တွေနဲ့ ဝင်လာပါတယ်။ အဲဒီမှာ ၁၅ ဦးက သေနတ်ဒဏ်ရာတွေ ရထားတယ်။ ဒဏ်ရာရထားတဲ့သူတွေကိုတော့ ဆေးရုံတွေခွဲပြီး ကုသပေးနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် Shariful Islam က ပြောဆိုသည်။ လတ်တလော ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်မပို့မီ ယာယီ နေရာချထားပြီး ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် မြန်မာဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးနှင့် မော်တာကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားအတွင်းသို့ ကျရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီး ၁ ဦးနှင့် ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့ကြောင်း၊ ကလေးတစ်ဦးပါ ဒဏ်ရာရှိကြောင်း သိရှိရသည်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာတစ်ဦး မြန်မာဘက်က ပစ်လိုက်တဲ့ မော်တော်ကျည်ထိမှန်ပြီး သေဆုံးပါတယ်။ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်များအရေးဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ Mohammad Shamsud Douza က ပြောဆိုသည်။ ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကြီးကျည်ကျရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အပါအဝင် ၂ ဦးသေဆုံးသည့်မြင်ကွင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *