သာလီစွပါ ၇မြို့စားAA

မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲစခန်းများအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားသော မြို့ ၇ ခုရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲစခန်းများအားလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး AA က ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ရှိလာကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

AA ၏ ၃ လတာ စစ်ဆင်ရေးအတွင်း ရက္ခိုင်နှင့် ပလက်ဝဒေသရှိ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးကြောင်း ၊ ရက္ခိုင့်တပ်တော် AA က ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ တောင်ပြိုမြို့၊ မြေပုံမြို့ စုစုပေါင်းမြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိကြောင်း၊ ရက္ခိုင်ဒေသအတွင်း လက်ကျန်မြိုများမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်က ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များတွင် AA ၏ စခန်းများ ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့အတူ စစ်ကောင်စီ က စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် ရခိုင်တိုင်းရင်းသားများ၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိကြောင်း AA က ပြောဆိုထုတ်ပြန်သည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြိုဖြစ်သကဲ့သို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ကြောင်း၊ ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြိံဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပလက်ဝမြို့အတွင်းသို ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်မှစတင်၍ ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းစစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်တပ်က အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိပြီး စစ်တပ်၏ ဗောဓိကုန်းစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် AA က ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *