လိုက်ကောက်တဲ့လူတေဖောင်းဒို-င်းသာကြွေးတော့

စစ်မှုထမ်းနိုင်သည့် တစ်နိုင်ငံလုံး လူငယ်စာရင်းကို စစ်တပ်က အရေးပေါ် တောင်းခံနေပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လူငယ်များကို ထွက်မပြေးရန် လက်မှတ်ထိုး ဝန်ခံကတိပြုခိုင်းနေရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းနိုင်သည့် လူငယ် အမျိုး သမီးနှင့် အမျိုးသားအရေအတွက် မြေပြင် စာရင်းများကို ယခုလ နောက်ဆုံးထား၍ တင်ပြရန် အရေးပေါ်တောင်းခံထားသဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက စာရင်း အမြန်ဆုံးကောက်ယူနေရကြောင်း နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လာမည့်ဧပြီလကုန်ပိုင်းတွင် ပြည်သူတိုင်းကို စစ်မှုထမ်းရန် စစ်သင်တန်း အပတ်စဉ် ၁ စတင်ခေါ်ယူမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းပြီးလျှင် လစဉ် သင်တန်းများ ဆက်တိုက် ခေါ်ယူသွားမည်ဖြစ်သဖြင့် စစ်မှုထမ်း ခေါ်ယူနိုင်မည့် လူဦးရေ စာရင်းများကို အသင့် ပြင်ခိုင်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။ “မြို့နယ်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက တင်လာတဲ့ စာရင်းကို လ၀ကမှာ ရှိတဲ့ စာရင်းနဲ့ ပြန်စစ်တိုက်ပြီး စာရင်းတင်ပေးရတာပါ။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ခန့်မှန်းခြေတော့ သိထားပြီ။အခု တင်ခိုင်းတဲ့စာရင်းက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေမှာ တကယ်လက်တွေ့ရှိနေတဲ့ လူစာရင်းကို တောင်း တာ။ ဒီလကုန်အပြီး ပိုပြီး မြန်နိုင်သမျှ မြန်မြန်တောင်းနေတယ်။ စစ်ရုံးကို တင်ပေးဖို့” ဟု နေပြည်တော်လ၀ကသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် လက်ရှိ ချက်ချင်း စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော လူဦးရေ ကျား၊ မစာရင်းကို တစ်နိုင်ငံလုံးတွင် စစ်တပ်က အမြန်ဆုံး ကောက်ယူခိုင်းထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်/တိုင်းဒေသကြီးများရှိ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် အကျုံးဝင်နေသော လူငယ်များကို ထွက်ပြေးခြင်းမပြုရန်နှင့် ထွက်ပြေးပါက နေအိမ်တွင် ကျန်ရစ်သည့် မိဘ၊ ဆွေမျိုး၊ မောင်နှမများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်သည်ကို သိရှိနားလည်သည်ဆိုသော ဝန်ခံကတိပြုများ လက် မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။ “ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ဘက်က ရွာတွေမှာ စစ်မှုထမ်းဆင့်ခေါ်လို့ ထွက် ပြေးရင် အိမ်မှာကျန်ခဲ့တဲ့ မိဘ၊ ဆွေမျိုးတွေကို ဖမ်းဆီး ထောင်ချလို့ရတယ်ဆိုတာ သိရှိနားလည်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးခိုင်းတာတွေ လုပ်နေတယ်။ အထက်က ညွှန်ကြားတာလား၊ မြို့နယ်က သူ့ဟာသူလုပ်တာလားတော့မသိဘူး။ ယောင်္ကျားလေး တော်တော်များများ လက်မှတ်ထိုးရတယ်” ဟု လက် မှတ်ထိုးခဲ့ရသည့် အသက် ၃၂ နှစ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ပြောဆိုချက်အရ လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံးဝင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အ‌ကြားအမျိုး သား ၆ ဒသမ ၃ သန်းနှင့် အသက် ၁၈ နှစ်နှင့် အသက် ၂၇ နှစ်အကြား အမျိုး သမီး ၇ ဒသမ ၇ သန်းရှိကြောင်း သိရှိရသည်။ ဓာတ်ပုံ- နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် အမြန်ကောက်ယူ အတည်ပြုထားသော စစ်မှုထမ်းရမည့် လူငယ်စာရင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *