ရေးခလရ ၁၀၆ကို RPGနဲ့ပစ်ခတ်ခဲ့ပြီး စစ်သား၅ဦးထိခိုက်၊ မော့ကနင်အုပ်ကြီးအိမ်နဲ့ရုံးကိုပါဝင်စီး၊ အုပ်ကြီးထွက်ပြေးလွတ်မြောက်သွား
ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၅ တပ်ရင်းရှိ ဗဟိုကင်းကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ၊မော့ကနင် ကျေးရွာ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၀၆ တပ်ရင်းရှိ ဗဟိုကင်းကို ရေးပြောက်ကျားတပ်ဖွဲ့ (ဒေါနတပ်ခွဲ -၃) မှ MA 10 (RPG) နဲ့ ကိုက် ၃၀၀ အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်အား ထိ မှန် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့သိရပါတယ်။
အလားတူ မော့ကနင်ကျေးရွာနေပြည်သူများ၊ ကျေးရွာတစ်ဝိုက်ခြံနေ ပြည်သူများထံမှ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ငွေကြေးတောင်းခံခြင်း ၊လောင်းကစား ဝိုင်းများ ဖွင့်ထားခြင်း၊ PDFများကို မကြာခဏစိန်ခေါ် ကြွေးကြော်ခြင်း၊ နှစ်ကရင်ကျေးရွာ လေယာဉ်ဗုံးကျဲ ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေခြင်းအစရှိတဲ့ မတရားမှုများအားကျူးလွန်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ အဓိကထောက်တိုင်အုပ်ချုပ်ရေးမှူးတာဝန်နှင့်ကျေးရွာပျူ ခေါင်းဆောင် တာဝန်ယူထားသူ ဦးထိန်ဝင်းရဲ့ နေအိမ်နှင့်ရုံးကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူများရဲ့ တိုင်တန်းချက်များအရ နေအိမ်နှင့်ရုံးကို ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃) မှ တပြိုင်နည်း ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီရဲ့ ထောက်တိုင် အုပ်ချုပ်ရေးမှူး ဝင်းထိန်းမှာ ထွက်ပြေးလွတ်မြောက်သွားလို့ ပြည်သူ များထံမှ မတရားငွေညှစ်ကာဝယ်ယူစုဆောင်းထားတဲ့ ဆိုင်ကယ်နှစ်စီး၊ ဖုန်းနှစ်လုံးနဲ့လက်ဝတ်ရတနာ အချို့ကို ဦးဝင်းထိန်းရဲ့ သမီးရှေ့မှောက်မှာ သိမ်းဆည်းခဲ့တယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့က ထုတ် ပြန်ထားပါတယ်။
သိမ်းဆည်းရရှိတဲ့ ပစ္စည်းများကို ရေးပြောက်ကျားတပ် (YGF)ရဲ့ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။