စစ်တွေမြို့ပေါ် နန်းနန်းတို့​ ​ယောက်ယက်ခတ်

စစ်တွေမြို့တွင် AA က ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများ ဂယောက်ဂယက်ဖြစ်နေ၊ စစ်ကောင်စီက အသက်စွန့် ခုခံရန် တိုက်တွန်းရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် များမကြာမီ AA က ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ဘက်နှင့်အရပ်ဘက်ဝန်ထမ်းများအကြား ဂယောက် ဂယက်ဖြစ်နေကြပြီး မိသားစုများကို ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းရေးအတွက် အပူတပြင်း လုပ်ဆောင်နေကြကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “AA က လာတိုက်ရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ဝန်ထမ်းတွေအချင်းချင်း တိုင်ပင်နေကြရတယ်။ အဓိက မိသားစုတွေ ကလေးငယ်တွေ၊ မိဘသက်ကြီးရွယ်အိုတွေ ဘေးကင်းကင်းပြောင်းရွှေ့ကြဖို့ အဲဒါတွေ အဓိက တိုင်ပင်ကြတာ။ လေယာဉ်နဲ့ကလည်း ခွင့်ပြုချက်ယူရမယ့် အပြင် စရိတ်စက ကလည်း အရမ်းကြီးတယ်ဆိုတော့ အကန့်အသတ်ရှိတယ်။ အားလုံးကတော့ စိုးရိမ်နေကြတယ်။ ရုံးသာတက်နေကြရတာ အားလုံးစိတ်ထဲမယ် စိုးရိမ်မှုတွေ ကိုယ်စီနဲ့” ဟု စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တပ်ဘက်အသိုင်းအ၀ိုင်းတွင်လည်း စစ်တွေမြို့သို့ AA က ထိုးစစ်ဆင်လာပါက အောက်ခြေ စစ်သည်များ၏ မိသားစုများ အသက်ဘေးအန္တရာယ် ကင်းရှင်းရေး ရွှေ့ပြောင်းပေးရန် စစ်ကောင်စီထံသို့ တင်ပြ တောင်းဆိုမှုများရှိနေကြောင်း သိရှိရသည်။ “တပ်ထဲမှာတော့ မိသားစုတွေကို ဘေးကင်းတဲ့နေရာ ရွှေ့ပြေးဖို့ ဒါဘာတွေမှာ တင်ပြကြတယ်။ အခုက ဦးစားပေးရွှေ့နေတာက တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ အရာရှိ၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးမိသားစုတွေ ရွှေ့ပေးနေတာ။ အောက်ခြေ စစ်သည်မိသားစုတွေက အများကြီးကျန်သေးတယ်။ အဲဒါကို အခုထက်ထိ ရွှေ့ပေးမှာလား ဆိုတာကို အကြောင်းမပြန်ဘူး။ မိသားစုတွေအတွက် အဓိက စိုးရိမ်နေကြတာ။ မိသားစုတွေကို မပြောင်းပေးရင် AA လာတိုက်ရင် အလံဖြူထောင်မယ်ဆိုပြီး ပြောတာတွေပါ ရှိလာတယ်” ဟု စစ်တွေအခြေစိုက် ခမရ ၃၄၄ မှ စစ်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်ခြေစစ်သည်များက ၎င်းတို့၏မိသားစုများကို ဘေးကင်းရာရွှေ့ပြောင်းပေးရန် တောင်းဆိုမှုများကို စစ်တပ်က တုံ့ပြန်မှုမရှိသော်လည်း AA က လာတိုက်ပါက အသက်စွန့်ခုခံကြရန် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးများနှင့် အရာရှိများက စစ်သည်များကို မှာကြားနေကြောင်း သိရှိရသည်။ ထို့ပြင် ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြန်လည်ခုခံနိုင်ရန် စစ်တွေမြို့တွင်ရှိသော ရဲမေများကိုပါ စစ်ကောင်စီက သေနတ်ပစ် လေ့ကျင့်ရေးသင်တန်းများ ပေးအပ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ AA ထိုးစစ်တွင် စစ်ကောင်စီအနေဖြင့် တပ်စခန်းအမြောက်အများဆုံးရှုံးခြင်း၊ အရာရှိအပါအဝင် တပ်သားအများအပြား ဆုံးရှုံးခြင်းနှင့် တပ်ရင်းတပ်ဖွဲ့များ အသိမ်းခံရ၍ အင်အားအလွန်နည်းနေပြီဖြစ်သည်။ ထို့ကြောင့် အင်အားပြန်လည်ဖြည့်တင်းနိုင်ရန် စစ်တွေမြို့ရှိ တာဝန်ထမ်းဆောင်နေသော မြို့နယ်အဆင့်မှ ပြည်နယ် အဆင့်အထိ ရဲမေများကို ရှေ့တန်းတိုက်ခိုက်ရေးတွင် အသုံးပြုနိုင်ရန် သေနတ်ပစ်လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှ စစ်သည်အမျိုးသမီးတစ်ဦးက “စစ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတွေအားလုံး သေနတ်ပစ်လေ့ကျင့်နေရတယ်။ နှစ်ပတ်လောက်ရှိနေပြီ လေ့ကျင့်နေကြတာ။ ၃၅၄ တပ်ရင်း၊ အမှတ် ၁၂ ရဲတပ်ရင်း၊ BMB မိုင်းရှင်းလင်းရေးတပ်၊ GE ဆောက်လုပ်ရေးတပ်နဲ့ အမြောက်တပ်တွေမှာ သေနတ်ပစ်လေ့ကျင့်နေကြတာ။ စစ်တွေကို AA က တိုက်ခိုက်လာရင် အင်အားဖြည့်လို့ရအောင်ဆိုပြီး လေ့ကျင့်နေကြတာ” ဟု ပြောသည်။ စစ်တွေရှိ ရဲမေအများစုမှာ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများဖြစ်ပြီး ရာဇဝတ်သား၊ ဒုစရိုက်သမားများကို ဖမ်းဆီးရေးတွင် အမျိုးသမီးများအား ဖမ်းဆီးရာ၌ လိုက်ပါရသည့် ရဲမေများလည်း ရှိသည်။ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်တွေတွင် စစ်ကောင်စီ ရဲမေများ ၁၅၀ ဦးကျော်ရှိကြောင်း ခန့်မှန်းရပြီး ၁၁၀ ကျော်ကို သေနတ်ပစ်လေ့ကျင့်ရေးသင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ” သေနတ်ပစ်လေ့ကျင့်ရေးက ရက် ၂၀ ကျော်ကြာမယ်လို့ ပြောတယ်။ အဓိက ရန်သူကို ပြန်လည်ခုခံရာမှာ ပစ်ခတ်တဲ့ နည်းလမ်းပါ။ အဓိက ခံစစ်နည်းပေါ့။ ရဲမေတွေက ရှေ့တန်းသွားချင်တာမဟုတ်ဘူး။ ဒါပေမယ့် အထက်က အမိန့်ဆိုတော့ သူတို့လည်း ငြင်းမရဘူးလေ။ အချို့ရဲမေတွေက ကိုယ်ဝန်လွယ်ထားရတာတွေရှိတယ်။ ကလေး ပေါက်စလေးတွေနဲ့လည်းရှိကြတယ်။ သူတို့က တိုက်ခိုက်ရေးမှာ မပါဘူးပေါ့လေ” ဟု ရဲမေတစ်ဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး လက်နက်ချရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က AA မှ သတိပေးထားကြောင်း သတင်းများထွက်ပေါ်နေသည်။ ယင်းသတင်းမတိုင်မီကတည်းက စစ်ကောင်စီသည် စစ်တွေမြို့အဝင်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမထက်၌ရှိသည့် မင်းချောင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီးထားသည်။ လက်နက်မချသော စစ်တွေမြို့က စစ်ကောင်စီတပ်များကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု သတိပေးထားပြီး စစ်တွေ ဒကစမှူးကလည်း လက်နက်မချကြဘဲ ပြန်လည်ခုခံကာကွယ်ကြရန် အောက်တပ်သား၊ အရာရှိများအား ညွှန်ကြားထားကြောင်း သိရသည်။ သို့သော်လည်း လတ်တလောစုံစမ်းချက်အရ စစ်တွေမြို့ရှိ အရာရှိစစ်သည်မိသားစုဝင်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစုဝင်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ လေယာဉ်စင်းလုံးငှား၍ ပို့ဆောင်နေခြင်းရှိသလို အချို့သော အရာရှိများမှာလည်း ကိုယ်ပိုင်ကားများကို သင်္ဘောစင်းလုံးငှား၍ ရန်ကုန်မြို့သို့ ပို့ဆောင်လျှက်ရှိနေကြောင်း စုံစမ်းသိရသည်။ လက်နက်ချအညံ့ခံသော တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကောင်စီတပ်သားများအနေဖြင့် အသက်ရှင်သန်ခွင့်ရပြီး မိသားစုများဖြင့် ပြန်လည်အတူနေထိုင်ခွင့် ရရှိကြမည်ဟု ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ချက်တိုင်းတွင် ကတိပေးပြောဆိုထားသည်။ လက်ရှိ ရခိုင်စစ်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီသည် မြို့များအပါအဝင် တပ်ရင်းအများအပြားကို ဆုံးရှုံးနေရပြီး ရခိုင်ပြည်အား စီမံကြီးကြပ်ထိန်းချုပ်နေသော စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လည်း လက်နက်ချရန် ခြိမ်းခြောက်ခံနေရသည်။ ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့၊ တပ်မဌာနချုပ်များနှင့် ဗျူဟာကုန်းများအားလုံးကို စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က စီမံကြီးကြပ် အမိန့်ညွှန်ကြားချက်များကို တိုင်းစစ်ဌာနချုပ်ကိုယ်စား ဆောင်ရွက်နေခြင်းဖြစ်သည်။ ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းပစ်ကူပေးခြင်း၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စစ်တွေ ဒကစ မှ စီမံကြီးကြပ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်တပြည်လုံးရှိ စစ်ကောင်စီတပ်များကို စစ်တွေ ဒကစက အမိန့်ပေးညွှန်ကြားနေခြင်းဖြစ်၍ စစ်တွေရှိ ဒကစတစ်ခုလုံး လက်နက်ချရန် ရက္ခိုင့်တပ်တော် AA က သတိပေးနေခြင်းဖြစ်သည်။(Western News နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန ပူးပေါင်းရေးသားသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *