ပြေးကြပြေးတဲ့နေရာထိလိုက်မယ်(ရုပ်သံ)

မအီမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုများ ရဟတ်ယာဉ်ဖြင့် အမ်းသို့ ပြောင်းရွေ့နေ

AB News – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်များကို ယနေ့ ဖေဖော်ဝါရီလ ၁၆ရက်၊ မွန်းလွှဲ ၁၂နာရီကျော်အချိန်မှ ယခုအချိန်ထိ ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေသည်ကို တွေ့ရသည်။

မအီမြို့ ဘောလုံးကွင်းတွင် ရဟတ်ယာဥ်ကို စက်နှိုးရပ်ထားကာ လက်နက်ခဲယမ်းများအပါအဝင် စစ်ကောင်စီအဖွဲ့၏ မိသားစုများကိုပါ ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေသည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ဒီနေ့ မွန်းလွှဲ ၁၂ကျော်အချိန်မှာ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်ဟာ မအီမြို့ဘောလုံးကွင်းမှာ ရပ်နားခဲ့တယ်။ စစ်ကောင်စီတပ်သားတွေဟာ လေယာဉ်ပေါ်ကို စစ်အသုံးအဆောင်ပစ္စည်းတွေ၊ စစ်လက်နက်တွေ တင်နေတယ်။ ဝန်ထမ်းတွေကိုလည်း၊ မိသားစုတွေကိုပါ တင်နေတာပါ။ ဒီနေ့ အကုန်ပြောင်းရွေ့မယ်လို့ သိရတယ်” ဟု ဆိုသည်။

စတုရန်း ဧရိယာ ၀.၇၂၈ ခန့်ရှိသည့် မအီမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ မြို့မရဲစခန်းအပါအဝင် ၄ ခုတွင် ရဲတပ်ဖွဲ့ဝင် ၅၀ကျော်ခန့်ရှိပြီး ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ တိုးချဲ့ချကြောင်း သိရှိရသည်။

မအီမြို့မှ စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းအကြီးအကဲများကို ယနေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် အပြီးပိုင် ပြောင်းရွေ့သွားရန် စီစဉ်နေကြောင်း တပ်နှင့်နီးစပ်သူများထံမှ သိရသည်။

ရက္ခိုင်ပြည်အနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မအီမြို့ကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကို ကြောက်ရွံ့ပြီး အမ်းမြို့သို့ တပ်ဆုတ်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်ကောင်စီသည် ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် မအီမြို့ရှိ လူနေရပ်ကွက်များကို ၎င်းတို့၏ အခြေချတပ်စခန်းများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ နေ့လည်အချိန်မှ ညပိုင်းအချိန်ထိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသည့် တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရုပ်သံ-မအီမြို့ထဲရှိ စစ်ကောင်စီအဖွဲ့ လက်နက်ခဲယမ်းများနှင့် ၎င်းတို့ မိသားစုများအား ပြောင်းရွှေ့နေသည်ကိုတွေ့ရစဥ်/CJ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *