ဝယ်သားတွေလည်းအတော်ကြိတ်တာပဲ

ထားဝယ်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ ဖေဖော်ဝါရီလ ၁၇ ရက်ထားဝယ်မြို့နယ်၊ အရှေ့တော‌ဒေသကို ဝင်လာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။ လက်နက်၊ ရိက္ခာတွေကိုတင်လာတဲ့ စစ်ကားတွေအပါအဝင် ကား ၁၇ စီးပါတဲ့ စစ်ကောင်စီယာဥ်တန်းဟာ မနေ့ကမနက် ၄ နာရီလောက်ကတည်းက ထားဝယ်မြို့ဘက်ကနေထွက်လာခဲ့ပါတယ်။ အဲဒီနောက် ပခပ်ရွာမှာကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး စုစုပေါင်း အင်အား ၃၀၀ လောက်နဲ့ မေတ္တာမြို့ဘက်ကို ထားဝယ်-ထီးခီးလမ်းအတိုင်း ဝင်ရောက်နေတာဖြစ်ပါတယ်။ ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်မှာ သင်္ကန်းတုံးရွာ တံတားအနီးကို စစ်ကောင်စီယာဥ်တန်း ရောက်လာတဲ့အချိန် နှစ်ဖက်တိုက်ပွဲ မိနစ်ပိုင်းအကြာဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။ “စနိုက်ပါနဲ့ပစ်ပြီးနောက်မှာ တိုက်ပွဲဖြစ်ကြတာပါ။ မိနစ်ပိုင်းလောက်ပဲကြာတယ်” လို့​ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်စဥ်အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ည​နေ ၅ နာရီလောက် အထိ သင်္ကန်းတုံးရွာထဲမှာပဲဆက်ရှိနေသေးတယ်လို့ ​ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းဝင်လာတာကြောင့် ထားဝယ်-ထီးခီး လမ်းတလျှောက်မှာရှိတဲ့ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းရွာတွေကဒေသခံတွေ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အရှေ့တော‌ဒေသက စစ်ဘေးရှောင်အများစုဟာ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာချိန်မှာ နီးစပ်ရာတိမ်းရှောင်ထွက်ပြေးကြပြီး စစ်ကြောင်းပြန်ထွက်မှ ကျေးရွာတွေထဲမှာပြန်လည်နေထိုင်ကြတဲ့ ယာယီစစ်ဘေးရှောင်တွေဖြစ်ပါတယ်။ စစ်ဘေးရှောင်နေသူတွေထဲက ‌အမျိုးသားတွေကတော့ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ‌ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ အခုဝင်လာတဲ့ စစ်ကောင်စီယာဥ်တန်းမှာ ရဲတပ်ဖွဲ့ဝင်တွေလည်းပါဝင်လာတယ်လို့ ‌ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။ အဲဒီစစ်ကောင်စီယာဥ်တန်းဟာ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေကိုလည်း တင်ဆောင်လာတာကြောင့် ထိုင်းနိုင်ငံနယ်စပ်က တပ်စခန်းတွေကို လက်နက်နဲ့ ရိက္ခာဖြည့်တင်းတာတွေလုပ်ဆောင်ဖို့ဝင်လာတာဖြစ်နိုင်သလို ထီးခီးနယ်စပ်ဂိတ်ကိုပြန်လည်ဖွင့်လှစ်ဖို့လာတာလို့လည်း သတင်းတွေထွက်ပေါ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။ ထားဝယ်မြို့နယ်က အရှေ့တောဒေသဟာ ထားဝယ်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေအများစုရှိတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့လနောက်ဆုံးပတ်က ဘန်းချောင်းဒေသမှာရှိတဲ့ ကျောက်ထုစစ်ကောင်စီရှေ့တန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဓာတ်ပုံ – ထားဝယ်အရှေ့တောဒေသကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ။ (ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *