လူတိုင်းကြိုက်တဲ့ရခိုင်မုန့်တီ

မင်းအောင်လှိုင်စစ်တပ်က ခါးခါးသီးသီး ဖြစ်နေတဲ့ ရခိုင်မုန့်တီကို ပြည်သူများ အကြိုက်တွေ့နေကြခြင်း

ဖေဖော်ဝါရီလ ၁၉

ရှမ်းမြောက်ဒေသမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိ ရခိုင်ပြည်နယ်မှာလည်း စစ်အင်အားရော နယ်မြေတွေပါ လက်လွှတ်ဆုံးရှုံးနေရတာကြောင့် ကြံရာမရဘဲ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေကို ဒီရက်ပိုင်းထဲမှာ ပြုလုပ်နေပါတယ်။

မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်ကူညီဟန့်တားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အရှိန်ရပ်တန့်သွားပေမယ့် ရခိုင်မှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့ရဲ့ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃စင်း နစ်မြုပ်ပြီး သေဆုံးမှုအများအပြား ရှိခဲ့ပါတယ်။ ဒါကိုအခြေခံပြီး စစ်တပ်ထောက်ခံသူတွေဟာ လူမျိုးရေးမုန်းတီးမှုတွေ ဖန်တီးနေကြပါတယ်။

ကျောက်တော်မြို့နယ်မှာ စစ်သင်္ဘော ၃စင်း တိုက်ခိုက်ခံရပြီးတဲ့နောက် သေဆုံးနေတဲ့ တပ်မိသားစုဝင်တွေနဲ့ ကလေးတွေရဲ့ ဓာတ်ပုံဆိုပြီး နာဂစ်မုန်တိုင်းဖြစ်စဥ်ကပုံတွေကို အသုံးပြုကာ စစ်လော်ဘီတွေက သတင်းမှားဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

AA ကတော့ သင်္ဘောနစ်မြုပ်မှုမှာ မသေဘဲ ရေကူးလွတ်မြောက်လာသူများစွာကို ကယ်တင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့သလို အသက်ရှင်ကျန်သူတွေကို AA ဘက်က လိုက်ကယ်နေတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

သင်္ဘောနစ်မြုပ်နေချိန်မှာ အလံဖြူထောင် လက်နက်ချအညံ့ခံဖို့ သတိပေးခဲ့ပေမယ့် စစ်တပ်ဘက်က ပြန်ခုခံတာတွေ၊ လေကြောင်းဗုံးကြဲတာတွေသာ လုပ်ဆောင်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်က ၇ဝဝ ကျော် သေဆုံးနိုင်တယ်လို့ AA က ပြောပါတယ်။

အဲ့ဒီကို စစ်ကူလာတဲ့ စစ်သင်္ဘော ၄စီးကိုလည်း ထပ်မံပြီး ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် ရက္ခိုင့်တပ်တော်အတွက် စစ်သင်္ဘော ၇စင်းတိတိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ သမိုင်းဝင် အောင်ပွဲနေ့ ဖြစ်ခဲ့ပါတယ်။

အောင်ပွဲအလီလီရနေတဲ့ ရက္ခိုင့်တပ်တော်ကို စစ်ကောင်စီဘက်က မယှဉ်နိုင်တဲ့အခါ သူတို့ရဲ့ ကောက်ကျစ်တဲ့ ဓလေ့ထုံးစံအတိုင်း ရခိုင်မုန်းတီးရေးကို ဖန်တီးလာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရခိုင်စားသောက်ဆိုင်တွေ၊ ရခိုင်ကုန်စုံဆိုင်တွေကို အားမပေးကြဖို့ မဘသနဲ့ တပ်ထောက်ခံသူတွေက စာတွေ လိုက်ကပ်ကြပါတယ်။

အဲ့ဒီစာတွေထဲမှာ “ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကြဉ်ကြပါ” ၊ “ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွား” ဆိုတဲ့ ပဋိပက္ခလှုံ့ဆော်မှုတွေ ပါဝင်တယ်။

ရေးသားသူနေရာမှာတော့ “မန္တလေးမြို့သူမြို့သားများ” ၊ “ရန်ကုန်မြို့သူမြို့သားများ” ဆိုတဲ့ အသုံးအနှုန်းတွေကို အလွဲသုံးစား လုပ်ထားကြတယ်။

တော်လှန်ရေးကို ပုံဖျက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား သွေးကွဲအောင် လှုံ့ဆော်ရေးသားမှုတွေကိုလည်း စစ်တပ်လောဘီတွေက ပြုလုပ်နေကြပါတယ်။

ဒါပေမယ့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဆိုတာဟာ မြန်မာစစ်အာဏာရှင်တွေ အမြဲတစေ သုံးနေကျ ထောင်ချောက်ဖြစ်တယ်ဆိုတာ ပြည်သူအားလုံးက သိနေကြပြီးဖြစ်ပါတယ်။ လူမျိုးရေးပဋိပက္ခဖန်တီးမှုဆိုတာက စစ်တပ်ရဲ့ ခေတ်နောက်ကျလွန်းတဲ့ ဗျူဟာတစ်ခု ဖြစ်လို့နေပါပြီ။

၁ဝ၂၇ စစ်ဆင်ရေးနဲ့အတူ မြန်မာစစ်တပ်ကို အပြင်းအထန် တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် မြန်မာပြည်သူတွေက အကောင်းမြင်စိတ် ရှိနေကြတာကြောင့် ဒီဗျူဟာက သုံးစားမရဘူးလို့လည်း ဆိုနိုင်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ၃လအတွင်းမှာ မြို့ ၆ မြို့ ကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။ ချင်းနဲ့ ရခိုင်အစပ်က ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့တွေကို AA က သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေဆိုလို့ ဂွ၊ သံတွဲနဲ့ မာန်အောင် တို့လောက်သာ ကျန်တော့တာပါ။ ကျန်ဒေသတွေဟာ AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုယန္တရား ပျက်ပြားနေပြီး တချို့မြို့တွေကိုလည်း စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရပါတယ်။

စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသမှာ သိက္ခာဆယ်မရခဲ့သလိုပဲ ရခိုင်ဒေသ တိုက်ပွဲတွေမှာလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်နေရတာပါ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ စစ်ကောင်စီနဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်ရဲတွေ ရာနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပြန်ပါတယ်။ ပလက်ဝဒေသကို AA က ထိုးစစ်ဆင် သိမ်းပိုက်တုန်းကလည်း ရာချီတဲ့ မြန်မာစစ်သားတွေ အိန္ဒိယနိုင်ငံထဲ ဝင်ပြေးခဲ့ကြတာပါ။

တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေတုန်းက တရုတ်အစိုးရက ကြားဝင်ဟန့်တားပေးခဲ့သလို ရခိုင်တိုက်ပွဲတွေမှာလည်း ကြားဝင်စေ့စပ်မှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ရှမ်းမြောက်ဒေသ တိုက်ပွဲရပ်ရေးမှာ AA က ညီနောင် ၃ဖွဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့တာမျိုး ရှိထားပေမယ့် ရခိုင်ဒေသမှာတော့ စစ်ကောင်စီကို အပြင်းအထန် တိုက်ထုတ်နေတာ တွေ့ရပါတယ်။ AA က ရခိုင်ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ရခိုင်ပြည်သူတွေကလည်း သူတို့အိမ်တွေ ပြာကျပျက်စီးရပေမယ့် လွတ်မြောက်ရေးကို ဦးတည်နေတဲ့ ဒီတိုက်ပွဲကို မရပ်တန့်ဖို့ ရက္ခိုင့်တပ်တော်ကို ခွန်အားပေးနေကြဆဲပါ။

ရခိုင်ဒေသမှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စတဲ့တရုတ်စီမံကိန်းကြီးတွေ ရှိပေမေယ့်၊ တရုတ်နဲ့ နယ်နမိတ်ထိစပ်နေတာမျိုး မရှိတာကြောင့် ရှမ်းမြောက်ဒေသမှာလောက် တရုတ်ရဲ့ သြဇာသက်ရောက်မှုက သိပ်မရှိဘူး ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ကူငယ်ရာမရဘဲ ဗမာ-ရခိုင် လူမျိုးရေးမုန်းတီးမှုတွေကို ဖန်တီးဖို့ ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို ဖန်တီးပြီး လူထုကို နိုင်ငံရေးအာရုံလွှဲလေ့ရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ ခက်ခဲမှုပေါင်းများစွာကြားက နိုင်ငံသစ်တစ်ခုအဖြစ် မွေးဖွားဖို့ အရှိန်ယူနေတာပါ။ တိုင်းရင်းသားလူမျိုးစုအားလုံးကြား တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ခရီးကို လျှောက်လှမ်းနေခြင်း ဖြစ်တာကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေတင်သာမက၊ အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒကိုပါ အမြစ်ကပါအောင် တိုက်ထုတ်ပစ်ရမှာပဲ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *