ပွဲလှန့်တုန်းဖျာခင်းတဲ့ဘောမတွေကပေါ

ညစဉ် ဧည့်စာရင်းစစ် ကင်းလှည့်စစ်ဆေးခဲ့ရသဖြင့် နံနက်ပိုင်းဆိုလျှင် ကိုဇော်ပင်ပန်းနေတတ်သည်။ ကင်းလှည့်စစ်ဆေးသည် ဆိုသော်လည်း သူသည် ရဲနှင့် စစ်သား မဟုတ်သလို  ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးလည်း မဟုတ်ပေ။ ရန်ကုန်ရှိ တော်လှန်ရေးအဖွဲ့များ၏ သတင်းကိုစုံစမ်းပေးရသော အရပ်သား ဒလန်တစ်ဦးသာဖြစ်သည်။

အသက် ၃၀ ကျော်အရွယ် ကိုဇော်သည် ရာဇဝတ်မှုတစ်မှုဖြင့် ထောင်ကျခဲ့သူဖြစ်သည်။ အင်းစိန်ထောင်မှ ပြန်လွတ်လာသည့်အခါ ဘာလုပ်ကိုင်စားရမှန်းမသိ။ သူထောင်က ပြန်ထွက်လာချိန်တွင် စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားသူများကို ကျီးကန်းတောင်းမှောက် ရှာဖွေဖမ်းဆီးနေသည့် အချိန်လည်းဖြစ်သည်။

ထိုအခြေအနေတွင် ကိုဇော်တို့ကဲ့သို့ ထောင်ထွက်လူမိုက်များအတွက် ထူးခြားသည့် အလုပ်အကိုင်အခွင့်အလမ်း တစ်ခုပေါ်လာသည်။ တော်လှန်ရေးအဖွဲ့များ၏ သတင်းကို စုံစမ်းပေးရန် လခဖြင့်လုပ်ကိုင်ရသည့် ဒလန်အလုပ်အတွက် ကမ်းလှမ်းခံရခြင်းဖြစ်သည်။   သူလိုမိုက်ရဲသူများအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်တစ်ခုခု မလိုသည့် အလုပ်ဖြစ်သည်။

“ဘယ်လိုကမ်းလှမ်းလဲဆိုတော့ ပုံမှန်ရဲထဲဝင်မယ်ဆိုရင် သင်တန်း ၆ လတက်ရတယ်၊ ကျွန်တော်တို့က ၂ လတက်ပြီးရင် တစ်ခါတည်းလစာတန်းရ။ ရဲတပ်သားတစ်ဦးထက် လစာပိုရတယ်”ဟု ကိုဇော်ကပြောသည်။ သူ့လစာ မည်မျှရသည်ကိုမူ မပြောပြပေ။

ထိုအလုပ်က လက်သင့်ရာ စားတော်ခေါ်သည်ဆိုလျှင်လည်း မှန်သည်။ သူ့လိုလူတွေချည်း သူ့အဆက်သွယ်နှင့်သူ ရောက်လာသည်။ သင်တန်းတက်ရသည်၊ အခြေခံစစ်သင်တန်းအပါဝင် သေနတ်ပစ်နည်းသင်ရသည်။ သူ့လို လက်ရဲဇက်ရဲတစ်ဦးအဖို့ ထိုအလုပ်က မခက်ခဲပေ။ 

တာဝန်များမှာမူ မိမိနေထိုင်ရာမြို့နယ်အတွင်း လူစိမ်းများဝင်နေသည်တွေ့ပါက မြို့နယ်စစ်တပ်ရာရှိထံ သတင်းပေးရသည်။ စစ်သားများကင်းလှည့်လျှင်၊ ဧည့်စာရင်းစစ်လျှင် လိုက်ပေးရသည်။ စစ်ဆေးရေးဂိတ်များတွင် ကူစောင့်ပေးရသည်။ နိုင်ငံရေးလုပ်သူများ၏ သတင်းကို စုံစမ်းပေးနိုင်ပါက ပုံမှန်လခအပြင် ဆုကြေးလည်းရတတ်သည်ဟု ကိုဇော်က ပြောသည်။

“အခုနိုင်ငံရေးလုပ်တဲ့သူတွေ (အကြောင်း) သတင်းပေးရင် ပိုက်ဆံရတယ်၊ ကိုယ်ပေးလိုက်တဲ့လူက မှန်ကန်တိကျရင် ၅ သောင်း ဒါမှမဟုတ် ၁ သိန်းပေးတာမျိုးတွေရှိတယ်” 

ကိုဇော်တို့၏ အဖွဲ့ကို သိမ်းငှက်အဖွဲ့ဟု ခေါ်ကြသည်။

သူနေထိုင်ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သိမ်းငှက်အဖွဲ့ ၄ ဖွဲ့ရှိပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိသည်။ မြို့နယ်စစ်ကောင်စီက ကတ်ပြားထုတ်ပေးထားသော တရားဝင်ဒလန်များဖြစ်သည်။ ကတ်ပြားတွင် ဓာတ်ပုံ၊ အမည်၊ ထင်ရှားသည့်အမှတ်အသား၊ သွေးအုပ်စုနှင့် လက်ဗွေတို့ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ကဲ့သို့ ဖြစ်သည်။ ကတ်ပြားရရန် တစ်လခန့် ကြာတတ်သည်။ မြို့နယ်အထိ အဆင့်ဆင့်တင်ပြရသည်။ ထိုဒလန်များကို ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်းများမှ တပ်ရင်းမှူးများက ကွပ်ကဲသည်၊ ညွှန်ကြားချက်ပေးသည်။

အခြားသူများမရသည့် အခွင့်ထူးများကိုလည်း သိမ်းငှက်အဖွဲ့ဝင် ဒလန်တို့ ရနေကြသည်။ ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် တားမြစ်ထားသော်လည်း သူတို့ စီးနင်းခွင့်ရှိသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက စက်သုံးဆီဈေးများထိုးတက်ကာ ပြတ်လပ်သဖြင့် အုတ်အော်သောင်းနင်း ဖြစ်ကြရသည်။ သိမ်းငှက်အဖွဲ့ ဝင်တို့အတွက် အေးဆေးပင်။ ဆီလိုသလောက်ထည့်နိုင်သည်။ 

ကိုဇော်၏ ဒလန်ဘဝ အစောပိုင်းနေ့ရက်များဖြစ်သည်။

ကိုဇော်၏ ဒလန်ဘဝ အစောပိုင်းနေ့ရက်များဖြစ်သည်။

ရန်ကုန်မြို့တွင်း ကင်းလှည့်နေသည့် စစ်ကားတစ်စီးကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

သတ်မှတ်ဦးရေရှာပေးရသည့် ဒလန်တစ်ဦး၏ ပထမတာဝန်

ရေချိုး၊ ညနေစာစားပြီး ကိုဇော်အိမ်ကထွက်လာသည်။ ရပ်ကွက်က သူဒလန်လုပ်နေသည်ကိုမသိ။ ပုံမှန်ရုံးအလုပ်တစ်ခုလုပ်နေသည်ဟုသာ ထင်ကြသည်။ သူဒီည ဧည့်စာရင်းစစ် လိုက်ပေးရမည်။ ဧည့်စာရင်းစစ်သည့်အခါ ပုံမှန်သွားနေကျ တပ်ကြပ်၊တပ်သားများနှင့်သာ သွားရပါစေဆုတောင်းသည်။ ဗိုလ်တစ်ဦးဦးပါလျှင် အာရုံနောက်ရသည်။ သူတို့က ပိုပိုသာသာ အာဏာပြတတ်ခြင်းကြောင့် ဖြစ်သည်။

တပ်ကြပ်တို့၊ တပ်သားတို့နှင့်ဆိုလျှင် ဧည့်စာရင်းစစ်သည့် အိမ်ကိုဝင်ပါက တံခါးခေါက်ပြီးစစ်သည်။ စစ်ဗိုလ်တစ်ဦးပါပါက ဧည့်စာရင်းစစ်သည့် အိမ်ကိုခဲနှင့်ထု၏၊ သေနတ်ဒင်နှင့်ရိုက်၏၊ ဆဲဆို၏။ အိမ်ရှိလူကုန်မနေရ။ သာမန်စစ်သားနှင့်ဆိုလျှင် အိမ်ထောင်ဦးစီးတစ်ဦး ထွက်အစစ်ခံလျှင် ကိစ္စပြီးသည်။

“ကျွန်တော်ကြုံဖူးသလောက်တော့ တစ်ပွင့်နဲ့ (အရာရှိငယ်)ကောင်တွေက မကောင်းတဲ့လူများတယ်၊ ကိုယ်ချင်းစာစိတ်မရှိဘူး၊ တစ်ကိုယ်ကောင်းစိတ်များတယ်၊ အာဏာအရမ်းသုံးတယ်” ဟု ကိုဇော်ကပြောသည်။

ဧည့်စာရင်းစစ်ရာတွင် သူတို့အတွက် သတ်မှတ်ချက်တစ်ခုရှိသည်။ တစ်မြို့နယ်လျှင် ဧည့်စာရင်းမတိုင်သူ ၇ ဦးကို ဖမ်းပေးရမည်ဟု အမိန့်ပေးထားသည်။

မြောက်ဒဂုံမြို့နယ်တွင်းရှိ လမ်းတစ်လမ်းသို့ ကိုဇော်တို့ ဧည့်စာရင်းစစ်သည့်လူစု ဝင်လိုက်သည်။ မီးပြတ်နေ၍ လမ်းကမှောင်နေသည်။ လရောင်က တတ်နိုင်သလောက် သဘာဝအလင်းပေးထားပြီး ညက အေးစက်စက်နိုင်လှသည်။  သူနှင့်အတူ စစ်သားတစ်ဦး၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တချို့၊ သိမ်းငှက်အမည်ခံ ဒလန်တချို့တို့ပါဝင်သည်။

လက်လုပ်လက်စား ပြည်သူများအဖို့ တစ်နေ့တာ ရုန်းကန်ရှာဖွေပြီး အနားယူချိန် သူတို့လာပါက ကြောက်ရွံ့စိုးထိတ်ကြရသည်။ ကိုဇော်တို့ကဲ့သို့ ဒလန်များမှာမူ လစာငွေရရေးပင် မဟုတ်ပါလား။

“အနည်းဆုံး ၇ ယောက်ပါမှ​ ဧည့်စာရင်းစစ်တာ သိမ်းရတယ်၊ မရဘဲ ပြန်လို့မရဘူး၊ တွေ့အောင်ရှာ။ ရပ်ကွက် တစ်ခုကို ဝင်တယ် ၁ ယောက်ပဲမိတယ်၊ ဒါဆို နောက်ရပ်ကွက်တွေ ဆက်ရှာ။ တခါတလေလည်း တခါတည်း ၈ ယောက်လောက်မိတဲ့အတွက် သိမ်းလိုက်တော့တယ်” 

“သတ်မှတ်တဲ့လူထက်ကျော်ရင် အဲ့လူတွေကျ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတာများတယ်၊ ပိုက်ဆံပေးရင် တစ်ခါတည်းပြီးတယ်၊ အပိုငွေရှာတာပေ့ါ”ဟု ကိုဇော်က ပြောသည်။

ယခုညတော့ စောစောစီးစီးပင် ဧည့်စာရင်းမတိုင်သူ ၇ ဦးမိသည်။ ညသန်းခေါင်အထိ အပင်ပန်းခံစစ်စရာ မလိုတော့ပေ။  ကိုဇော်က ပိုက်ဆံရ၍ လုပ်ပေးနေသလို စစ်သားများကလည်းယခု နောက်ပိုင်း တက်တက်ကြွကြွ သိပ်မစစ်ကြတော့ပေ။ ၇ ယောက်ပြည့်အောင်ရှာ၊ ကျန်တာပိုက်ဆံတောင်းပြန်လွှတ် ဖြစ်လာသည်။

ယခင်ကကဲ့သို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ပိုက်စိတ်တိုက်ရှာရန် စိတ်အားမထက်သန်ကြတော့။ စစ်တပ်က စစ်ရှုံးအရေးနိမ့်လာချိန်တွင် နည်းနည်းနှင့် ကျဲကျဲဝိုင်းနေရသည့် အခြေအနေမျိုးကိုလည်း သူတို့စိတ်မပါကြတော့၊ စိတ်လည်းမလုံကြတော့ပေ။

“အရင်ကဆို ဗုံးဖောက်သွားတယ်ဆို ကျွန်တော်တို့ ညတွင်းပဲ လိုက်ဖမ်းရတာ၊ အကုန်မရရအောင်စုံစမ်း။ ခုကျ အဲ့လိုမျိုးမဟုတ်တော့ဘူး၊ မင်းဧည့်စာရင်းစစ်၊ ၇ ယောက်ရ ပြန်လာခဲ့ပဲ၊ ဖောက်တဲ့သူတွေ ရအောင်ရှာ မနေတော့ဘူး၊ တွေ့တဲ့သူဆွဲချပဲ၊ ဧည့်စာရင်းစစ်လို့ မိတဲ့သူတွေစာရင်းသွင်း” ဟု ကိုဇော်က ပြောသည်။ 

ဦးဆောင်သည့် စစ်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းလာမှုသည် ကိုဇော်တို့ ဒလန်များထံသို့ပါ ကူးစက်လာသည်။ အနေအစားချောင်သော်လည်း အလုပ်တွင် သူမပျော်တော့ပေ။ လူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီးသားမို့ လူ့အဖွဲ့အစည်းနှင့် အံဝင်ရေးကြိုးစားရသည်ထက် ဆိုးလက်စဆက်ဆိုးရသည်က ပိုလွယ်ကူသည်မဟုတ်လော။ လက်နှီးစုတ်အဖို့ ထူးပြီးမသန့်သော်လည်း ထိုဘဝတွင် သူမပျော်တော့။

သူ့ကဲ့သို့ လူငယ်လူရွယ်များ PDF  ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဖြစ် စစ်တပ်ကို အံတုတိုက်ခိုက်နေချိန် သူလုပ်ရသည့် ဆန့်ကျင်ဘက်အလုပ်မှာ ဂုဏ်ယူရသည့် အလုပ်မဟုတ် မှန်းသူသိသည်။

 “ရှက်တော့ ရှက်စရာကြီးပေ့ါဗျာ” ဟု ကိုဇော်က ပြောသည်။

နောက်ကျောမလုံသည့် ကင်းလှည့်တာဝန်

ဧည့်စာရင်းစစ်အပြီး ကင်းပတ်စရာလည်း မလိုသည့်အချိန်တွင် စစ်ဆေးရေးဂိတ်တစ်ခုခုတွင် စစ်ကောင်စီတပ်သားများနှင့် အဖော်လုပ်ပေးရသည်မှာ ကိုဇော်တို့ သိမ်းငှက်အဖွဲ့ဝင် ဒလန်များ၏ နောက်ထပ်တာဝန်တစ်ခုဖြစ်သည်။ စစ်သားများက သူတို့ကိုမျှော်နေတတ်၏၊ အားလည်းကိုး၏။ အကြောင်းပြချက်ကား သူတို့ဘာသာ မနေရဲကြ၍ဖြစ်သည်။

“ကျွန်တော်တို့ကိုအားကိုးတာက သူတို့ဘာသူတို့ တယောက်တည်းလည်း မထိုင်ရဲဘူး။ ရဲနဲ့ ကျွန်တော်တို့ရှိနေရင် အဆင်ပြေတယ်ပေ့ါဗျာ” စစ်သားများ၏ ကြောက်ရွံ့နေပုံကို ကိုဇော်က ပြောပြသည်။

စစ်တပ်အာဏာသိမ်းပြီးမကြာခင်မှာပင် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများထံ လူငယ်လူရွယ်များစစ်သင် တန်းတက်ပြီး မြို့ပြတွင် စစ်ကောင်စီတပ်သားများကို ဖောက်ခွဲတိုက်ခိုက်လာကြသည်။

နယ်စပ်ဒေသများတွင်လည်း စစ်စခန်းများ သိမ်းခံရ၊ သေဆုံးမှုများ များပြားလာပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စစ်သားများထွက်ပြေးခဲ့ကြသည်။ ထိုအခြေအနေတွင် ယခင်က သေရဲတဲ့ကောင်ထွက်ခဲ့ဟု ပြည်သူကိုစိမ်ခေါ်၊ သေနတ်တပြပြဖြင့် ခြိမ်းခြောက်ခဲ့ကြသည့် ရဲရဲတောက် စစ်သားများသည် ယခု ကင်းပတ်လျှင် ထိုအခြေအနေ မရှိတော့ပေ။

“ကျွန်တော်တို့ကို ရှေ့ဆုံးကထားတယ်၊ သူတို့က အလယ်လောက်က လိုက်တယ်၊ ကာပေးထားရသလိုပေ့ါ။ ကျွန်တော်နဲ့ သွားတဲ့လူတွေဆိုပြောတယ်၊ ဒီထက် အခြေအနေပိုဆိုးလာဖို့ပဲ ရှိတယ်တဲ့” ဟု ကိုဇော်က ပြောသည်။

အတူကင်းလှည့်ပါများလာပြီးနောက် တချို့သောစစ်သားများနှင့် ကိုဇော်ရင်းနှီးလာသည်။ ၂ နှစ်နီးပါး ကာလအတွင်း သူသိသည့်တချို့စစ်သားများလည်း ရန်ကုန်တွင်မရှိကြတော့။ ရှေ့တန်းလိုက်ရပြီး သေသလားရှင်သလားမသိ။ လူအင်အားကတော့ သိသိသာသာနည်းလာသည်ကိုတော့ ကိုဇော် သတိပြုမိသည်။

ယခင်က ကင်းလှည့် စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၅ဦး၊ ၆ ဦး အနည်းဆုံးပါသည်။ တစ်မြို့နယ်လျှင် စစ်ဆေးရေးလမ်းကြောင်း ၃ ခု ထွက်သည်။ တစ်ဖွဲ့လျှင် ဆိုင်ကယ် ၇ စီးခန့်ဖြင့် လူ ၁၅ ဦးခန့် လှည့်လည်စစ်ဆေးသည်။ ကားလည်း ၂ စီးပါသည်။   ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကင်းလှည့်ရာတွင် စစ်သား ၃ ဦးသာ လိုက်နိုင်သည်၊ ယခု ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ၁ ဦးသာ လိုက်နိုင်တော့သည်။ ထို ၁ ဦးကလည်း သက်ကြီးပိုင်း ဖြစ်နေတတ်သည်။

“လူအင်အားနည်းလာတယ်၊ ရှေ့တန်းတွေထွက်ရတယ်၊ အသက်ကြီးပိုင်းတွေပဲ ရှိတော့တာများတယ်” ဟု ကိုဇော်က ပြောသည်။

 ကိုဇော်တို့ သိမ်းငှက်အဖွဲ့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ရန်ကုန်မြို့တွင် လုံခြုံရေးယူထားသည့် စစ်သားများကို အာဏာသိမ်း ၃ နှစ်ပြည့်သည့်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အကြံကုန် လူစုံဆွဲနေသည့်စစ်တပ်

လူအင်အား ချိနဲ့သွားသည့် စစ်ကောင်စီသည် စစ်သားစုဆောင်းရေးအတွက် စစ်မှုထမ်းဥပဒေကို ယခုလ ဒုတိယပတ်တွင် ကောက်ခါငင်ကာ အတည်ပြုသည်။ ထို့မတိုင်ခင်ကလည်း ် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် ပြည်သူ့စစ်သင်တန်းများ မဲနှိုက်ခိုင်းကာ ဖိအားပေးခေါ်သည်။ ရန်ကုန်တိုင်း အစွန်မြို့နယ်များတွင် ရပ်ရွာလုံခြုံရေးအကြောင်းပြကာ မြို့နယ်အုပ်ချုပ်ရေးက တစ်အိမ်တစ်ယောက် ကင်းစောင့်ခိုင်းသည်။ 

ဤသည်က ထင်သာမြင်သာခေါ်ခြင်းဖြစ်သည်။ သူလို ဒလန်တစ်ဦးအဖို့ပင် သတင်းလက်လှမ်းမမီသည့် ကိစ္စများရှိနေသည်။ ရန်ကုန်မြို့တွင် ညမထွက်ရအမိန့် သတ်မှတ်ချိန်ထိ ကျော်လွန်ပြီးနောက် တွေ့ရှိသူများကို ဖမ်းဆီးခြင်းမျိုးလည်းရှိသည်။ ထိုဖမ်းဆီးမှုမျိုးကို သူတို့သိမ်းငှက်အဖွဲ့ဝင်များနှင့် အတူအလုပ်လုပ်နေသည့် စစ်သားများက မလုပ်ပေ။ အခြားအဖွဲ့ များက လုပ်ကြသည်။ 

“ဖမ်းပြီးပျောက်သွားတာတွေရှိတယ်၊ ကျွန်တော်တို့တောင် ဘယ်စုံစမ်းရမှန်းမသိဘူး။ ကျွန်တော်တို့အပိုင်ထဲဖြစ်တာတောင်။ ကျွန်တော်စခန်းတွေ မေးကြည့်တယ်၊ ဘယ်စခန်းမှာမှမရှိဘူး၊ အခြားမြို့နယ်တွေမှာလည်းမရှိဘူး ပျောက်သွားတယ်” ဟု ကိုဇော်က ပြောသည်။

ဧည့်စာရင်းစစ်၊ ကင်းလှည့်၊ ကင်းစောင့် အလုပ်များပြီးသည့်နောက်  ကိုဇော့်တစ်ညတာ တာဝန်ပြီးဆုံးသည်။  

ယခုအလုပ်သည် ယခင်ကလောက် လုပ်ရကိုင်ရမကောင်းတော့။ သူ့အတွက်လည်း အန္တရာယ်ရှိနေသည်။ တော်လှန်ရေးဘက်သားများ၏ တိုက်ခိုက်မှုအန္တရာယ်ထက် ဘဝတူ ဒလန်များ၏ တန်ပြန်သတင်းပေးအန္တရာယ်၊ ကိုယ်စားရိတ်ကိုယ်စား ဒလန်များ၏ ဖုန်းဆက်တိုက်ကြားမှု အန္တရာယ်များက ပိုကြောက်ရသည်။ မည်သူ့မှ မယုံရသည့်အခြေအနေဖြစ်နေသည်ကို ကိုဇော် သဘောပေါက်သည်။

“ကျွန်တော်က အနေအစားချောင်လို့လုပ်နေတာ၊ ကျွန်တော်တို့ကို ပြန်သတင်းပေးနေတဲ့ ကောင်တွေလည်းရှိတယ်၊ ကျွန်တော်တို့အဖွဲ့ဝင်လည်းမဟုတ်ဘူး၊ သက်သက်ကြီးကို တာဝန်သိသလိုလိုနဲ့ သတင်းပေးနေတာ” ဟု စစ်တပ်ထောက်ခံသူများ၏ ရန်ကိုပြောပြသည်။

ထွေပြားနေသည့်စိတ်တို့ကို ဆေးလိပ်ငွေ့မှုတ်ထုတ်ပြီး သူရှင်းရန်ကြိုးစားသည်။ မှိန်ပြပြမီးရောင်အောက် ဆေးပေ့ါလိပ်ငွေ့တန်းက တိုးဝင်ပျောက်ကွယ်သွားသည်။ ထိုအခိုးအငွေ့များ ဘယ်ရောက်သွားကြမည်ကို သူမသိ၊ သူ့အနာဂတ်ကို သူမှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့များကဲ့သို့ မဖြစ်လို။ 

“ကျွန်တော်လည်း ဒီစနစ်ကြီးကိုကြိုက်လို့တော့ မဟုတ်ဘူးဗျာ၊ နေရထိုင်ရတာအဆင်ပြေအောင်လို့ရယ်၊ အခုခေတ် ကုန်ဈေးနှုန်းနဲ့ကသိတဲ့အတိုင်းပဲ၊ ကျွန်တော်လည်းလုပ်နေရတာ စိတ်ထဲကမပါဘူး” ဟု ကိုဇော်က ပြောသည်။

ဧည့်စာရင်းစစ်၊ ကင်းစောင့် သတင်းထောက်လှမ်းရုံဖြင့် ငွေရလွယ်သည့် အလုပ်မို့ ယခင်က တက်တက်ကြွကြွလုပ်ကိုင်ခဲ့သည်။ ယခုမူ သူတာဝန်ယူထားသည့် မြို့နယ်အတွင်း ဗုံးပေါက်သည်ကိုပင် သူသိပ်စိတ်မဝင်စားတော့၊ ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်သို့ လူစိမ်းဘယ်နှဦးဝင်နေသည်ကို သတင်းအတိအကျ ရလျှင်ပင် သူလျစ်လျူရှုထားလိုက်သည်၊ တာဝန်အရသတ်မှတ်ထားသည့် ၇ ဦးကိုသာ ဖမ်းပေးပြီး ပြန်အိပ်နေတော့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *