လွတ်ငြိမ်းတွေထွက်လာပီးကတည်းကမငြိမ်းချမ်းတော့ဘူး

မန္တလေးမှာ ကလေးကျောင်းပို့ ပြန်လာသူကို သတ်ပြီး ဆိုင်ကယ်လုယက်သူတွေ ဖမ်းမိတယ်လို့ စစ်အုပ်စု ဆို

ဖေဖေါ်ဝါရီ – ၂၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၈)လမ်းနဲ့ (၂၉)လမ်းကြား၊ (၅၃)လမ်းပေါ်မှာ ဖေဖော်ဝါရီ(၁၉)ရက် နေ့လည်ပိုင်းက ကလေးကျောင်းပို့ ပြန်လာသူကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား လေးဦးကို ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဖေဖော်ဝါရီ(၁၉)ရက် နေ့ခင်း(၁)နာရီခွဲက ကလေးကျောင်းပို့ပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာတဲ့ အမျိုးသားကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက ဓါးနဲ့ခုတ် သတ်ကာ ဆိုင်ကယ် လုယက် ထွက်ပြေးသွားပါတယ်။

သေဆုံးသူဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အပိုင်း(၅)ထဲမှာ နေထိုင်တဲ့၊ သားသမီးနှစ်ဦးရဲ့ ဖခင်၊ အသက်(၄၉)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး လုယက်ခံလိုက်ရတဲ့ ဆိုင်ကယ်က ဟွန်ဒါ စကူဖီ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ (၅၃)လမ်းပေါ်မှာ ယခုလပိုင်းအတွင်း လုယက်မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ လူသတ်၊ လုယက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို စစ်အုပ်စုက လိုက်လံဖမ်းဆီးခဲ့ရာ ဖေဖေါ်ဝါရီ(၂၀)ရက်မှာ ဖမ်းမိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

လူသတ်၊ လုယက်သူတွေဟာ ချမ်းမြေ့အောင်(ခ)ဒေါက်ဒေါက် (၂၂-နှစ်)၊ တိုးဝေ(ခ)တိုးတက်(ခ) အားထစ် (၁၇-နှစ်)၊ ရဲဝင်းအောင် (၁၇-နှစ်)၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့် (၁၈-နှစ်)တို့ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ လုယက်၊ ဓားပြ၊ မုဒိန်း၊ စတဲ့ သောင်းနဲ့ချီတဲ့ ရာဇဝတ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ထောင်က ပြန်လွှတ် ပေးထားပါတယ်။

အဲ့ဒီ ထောင်ထွက် ရာဇဝတ်သားတချို့ကို ပျူအဖြစ် လက်သပ်မွေးထားသလို တချို့ကို သွေးသောက်အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပေးထားတာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးတာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေ့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ(၃၀)ရက် မနက်ပိုင်းက မန္တလေးမြို့ (၈၄)လမ်းပေါ်က လူစည်ကားရာ ဈေးဖြစ်တဲ့ မန်းမြို့ဈေး ခေါ် ရွာဟိုင်းစျေးက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ(၁၇)ရက်မှာ မန္တလေး ဆေးတက္ကသိုလ်အနီး (၇၃)လမ်းနဲ့ လမ်း(၃၀)ထောင့်က အောင် ရွှေဆိုင် ဓားပြတိုက်ခံရသလို ဇန်နဝါရီ(၁၉)ရက်မှာ မန်းမြို့ဈေးက ဆယ်သန်း ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။

စစ်အုပ်စုက ဓားပြမှု ကျူးလွန်သူတွေကို မဖမ်းပေမယ့် “ဓားပြတိုက်တာ ရဲမှရဲ” လို့ လူမှုကွန်ယက်မှာ မှတ်ချက် ရေးသူကိုတော့ လူမှုကွန်ယက်ကနေ ခြေရာခံကာ ဖမ်းဆီးခဲ့ပါတယ်။

မန္တလေးမှာ ဆိုင်ကယ်လုယက်ခံရပြီး သတ်ဖြတ်ခံရသူနဲ့ ကျူးလွန်သူတွေကို ဖမ်းမိကြောင်း စစ်အုပ်စုက သတင်းဖြန့်ထားစဉ်/Photo – စစ်အုပ်စု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *