ပုသိမ်ကနန်းနန်းတွေ ခြေခြုပ်မိဘီ အေးရော

ပုသိမ်တက္ကသိုလ် မှ စစ်သင်တန်းတက်သူများကို အိမ်ပြန်ခွင့်မပေးပဲ စစ်တပ်တွင်းမှာသာ နေခိုင်း

ဖေဖော်ဝါရီ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ရှိသော တက္ကသိုလ် များမှ စစ်သင်တန်းတက်ရောက်နေရသော သင်တန်းသားများကို စစ်တပ်တွင်းမှာသာ နေထိုင်ခိုင်းထားပြီး နေအိမ်ပြန်ခွင့်မပြုကြောင်းသိရသည်။”သင်တန်းကိုဆရာမကတက်ပါလို့ တိုက်တွန်းတာကြောင့် ခွင့်ပြုလိုက်တာ နှစ်ပတ် ပဲကြာမယ်ဆိုပြီး ခုက စစ်တပ်ပုံစံ အိမ်လဲမပြန်ရဘူး တပ်ထဲမှာပဲနေရတော့တယ်။

ရှေ့တန်းလွှတ်လိုက်မှာလဲစိုးရိမ်နေရတယ်”ဟု သင်တန်းသားမိသားစု၀င်တစ်ဦးမှ ပြောသည်။လက်ရှိသင်တန်းတက်ရောက်နေသူများကို ခလရ (၂၇၁)တပ်တွင် နေထိုင်ခိုင်းပြီး နေ့စဥ် ကားနှစ်စီးဖြင့် ပုသိမ်လေတပ်အနီးမှ အမှတ် (၇)တက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေပြီး နေ့စဥ်ကြိုပို့ ပြုလုပ်ပေးနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှသိရသည်။

ပုသိမ် ပညာရေး ကောလိပ်မှနည်းပြ ဆရာ၊ ဆရာမများ နှင့် ဆရာ၊ ဆရာမသင်တန်းသားများမှာ စစ်သင်တန်းမတက်မနေရ တက်ကြရခြင်း ဖြစ်ပြီး ကျန်တက္ကသိုလ်များမှ ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်အလိုက်၊ မေဂျာအလိုက် ခွဲတန်းချပေးပြီး စစ်သင်တန်း တက်ခိုင်းခြင်း ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။

စစ်သင်တန်းတက်ရောက်သူများအနေဖြင့် အဆိုပါသင်တန်းပြီးပါက စစ်ကောင်စီ ဗိုလ်သင်တန်းကို တက်ရောက်ခွင့်ရမည်ဟု စည်းရုံးမှုများကြောင့်တက္ကသိုလ် ကျောင်းသားကျောင်းသူများအတွင်းမှ စစ်ကောင်စီနှင့် နီးစပ်သည့်မိသားစု၀င်များ တက်ရောက်ကြခြင်းဖြစ်ကြောင်း ကျောင်းသားတစ်ဦးမှပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ရက်နေ့က ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်မှဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများစုစုပေါင်း၁၁၆ ဦးသည် မိမိတို့ ဆန္ဒ အလျှောက် စစ်သင်တန်းတက်ရောက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။ #ပုသိမ်မြို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *