တာချီလိတ်ကျားဖြန့်လုပ်ငန်း ထိုင်း ၁၄၈ ယောက် မြန်မာဘက်က ဖမ်ထားပြီး ပြစ်ဒဏ်ကျခံစေပြီးမှ နေရပ်ပြန်ပို့မယ်လို့ဆို
ဖေဖော်ဝါရီ ၂၆ ရက်
ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ 1G1 ဟိုတယ်နောက်မှာရှိတဲ့ အွန်လိုင်း လောင်းကစားနဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းလုပ်တဲ့ နေရာ ၃ ခုကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ဝင်ရောက် ဖမ်းဆီးခဲ့ရာမှာ ထိုင်းနိုင်ငံသား ၁၄၈ ယောက်ပါ ဖမ်းခံရပြီး ဒီလူတွေကို မြန်မာဘက်မှာ စစ်ဆေး အရေးယူ ပြစ်ဒဏ်ချမှတ်ပြီးမှ နေရပ်ပြန်ပို့ရေး စဉ်းစားမယ်လို့ အကြောင်းပြန်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားဖော်ပြသွားပါတယ်။
တရုတ်ရဲ့ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းဖို့ ဖိအားပေးခံနေရတဲ့ စစ်ကောင်စီဟာ တာချီလိတ်ဖမ်းဆီးမှုမှာ အယောက် ၇၀၀ နီးပါး ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား တစ်ယောက်သာပါပေမယ့် မြန်မာ အယောက် ၅၄၀ ၊ ထိုင်း ၁၄၈ ယောက် ပါဝင်ခဲ့ပါတယ်။ မနှစ်က နှစ်ကုန်ကာနီး လောက်ကိုင်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးတော့ ထိုင်းနိုင်ငံသား အယောက် ၅၀၀ ကျော်ကို နေရပ်ပြန်လည်စေလွှတ်ပေးခဲ့ပေမယ့် တာချီလိတ်မှာ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားတွေအများစုဟာ ကျားဖြန့်လုပ်ငန်းမှာ စီမံအဖွဲ့ဝင်တွေအဖြစ် ဦးဆောင်ပါဝင်နေတာလို့ ဆိုပါတယ်။
တာချီလိတ်နဲ့ ထိုင်းဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ခွင့် ကတ်လုပ်ပြီး နိစ္စဓူ၀ သွားပြန်နေသူတွေဖြစ်လို့ စုံစမ်းစစ်ဆေး အရေး ယူပြီးမှသာ နေရပ်ပြန်ပို့ရေး စဉ်းစားမယ်လို့ ထိုင်းဘက်ကို စစ်ကောင်စီက အကြောင်း ကြားထားကြောင်း သိရှိရပါတယ်။ မြန်မာဘက်က ၂၀၂၃ ခုနှစ်အတွင်း တရုတ်လက်ထဲကို ကျားဖြန့်လုပ်သူ သံသယတရားခံပေါင်း ၄၁၀၀၀ ဖမ်းဆီး အပ်နှံခဲ့ပါတယ်။