ပျော်ရဲ့လားဟေးး မောင်တို့ရေဒန်တန့်တန့် ဒန်တန့်တန့်🤭

ရခိုင်စစ်မျက်နှာပြင်တွင် ကျောင်းဆင်းစ စစ်ဗိုလ်များနှင့် တိုက်ခိုက်ရေးတပ်မဟုတ်သည့် လက်ရုံးတပ်များမှ စစ်သည်များ သေဆုံးမှု များပြားနေ

ရန်ကုန်၊ မတ် ၃

ရခိုင်စစ်မျက်နှာပြင်တွင် ကျောင်းဆင်းစ စစ်ဗိုလ်တချို့ အပါအဝင် တိုက်ခိုက်ရေးတပ်မဟုတ်သည့် လက်ရုံးတပ်များမှ စစ်သည်များ သေဆုံးမှု များပြားနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့နှင့် ကျောင်းဆင်းစ စစ်ဗိုလ်တချို့၏ နာရေးအကြောင်း သိရှိသူ ပြည်သူတချို့ထံမှ သိရှိရသည်။

ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ကျုံပျော်မြိုအခြေစိုက် ခလရ ၃၆ တပ်ရင်း နှင့် အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တပ်ရင်းတို့မှ စစ်ကူ အင်အား ၁၂၀ လာချပေးပြီး AA ၏ တိုက်ခိုက်မှုကြောင့် စစ်သား ၈၀ ကျော်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက်မှ ကျောင်းဆင်းစ စစ်ဗိုလ်တစ်ဦးဖြစ်သော အသက် ၂၄ နှစ်အရွယ် ဗိုလ်ခန့်မင်းသိန်း ပါဝင်သွားကြောင်း နာရေး အကြောင်းသိရှိသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဗိုလ်ခန့်မင်းသိန်းသည် ရမည်းသင်းမြို့နယ်၊ အနောက်ဂွေးကုန်းကျေးရွာမှဖြစ်ပြီး ၎င်း၏ အလောင်းပြန်မရဘဲ နာရေးရက်လည်ကိုသာ မိသားစုက ပြုလုပ်ရကြောင်း သိရှိရသည်။

“ရမ်းဗြဲမှာ စစ်ကူသွားရင်း ၆၀ သေတဲ့ အထဲမှာပါသွားတာ။ အလောင်းပြန်မရဘူး။ နာရေးရက်လည်ပဲလုပ်တာ” ဟု နာရေးအကြောင်း သိရှိသူ ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ရမ်းဗြဲတွင်သာမက ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် သေဆုံးနေသော စစ်ကောင်စီတပ်သားများမှာ တိုက် ခိုက်ရေးတပ်များတင်မဟုတ်ဘဲ ကပစ၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စိုက်ပျိုးရေးတပ်များမှ စစ်သည်များ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် ခမရ ၂၁၃ (အင်းတိုင်)မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“ရခိုင်မှာကျသွားတဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းမှာ တိုက်ခိုက်ရေးစစ်သည်တွေမဟုတ်ပါဘူး။ ကပစက ပါတယ်။ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ လုံထိန်းရဲတွေပါတယ်။ နောက်ပြီး စိုက်ပျိုးထုတ်လုပ်ရေးတပ်တွေနဲ့ အမြောက်တပ်စစ်သည်တွေပါတယ်။ ရခိုင်ကို မပို့ခင်ကတည်းက လက်ရုံးတပ်တွေနဲ့ တိုက်ခိုက်ရေးတပ်တွေကို ရောပြီးပို့တာ။ တိုက်ခိုက်ရေးတပ်တွေမှာ အင်အားမရှိတော့လို့” ဟု ရန်ကုန်အခြေစိုက် ခမရ ၂၁၃ (အင်းတိုင်)မှ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက အဆိုပါတပ်များမှ သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများကို လစာ တစ်ဝက်သာပေးတော့သဖြင့် တပ်အတွင်း မကျေနပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ရခိုင်တွင် AA နှင့်တိုက်ပွဲများတွင် သေဆုံးခဲ့သော တပ်မ ၁၁ လက် အောက်ခံ တပ်များတွင် သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ မိသားစုများကို ယခု ဖေဖော် ဝါရီလမှစတင်၍ လစာ တစ်ဝက်သာ ပေးတော့ကြောင်း၊ လစာတစ်ဝက်သာရရှိသော ကျန်ရစ်သူ မိသားစုများမှာ တပ်မ ၁၁ လက်အောက်မှ ခမရ ၂၁၁၊ ခမရ ၂၁၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၄ ၊ ခမရ ၂၁၅ ၊ ခမရ ၂၁၆ ၊ ခမရ ၂၁၇ ၊ ခမရ ၂၁၈ ၊ ခမရ ၂၁၉ ၊ ခမရ ၂၂၀ စုစုပေါင်း တပ်ရင်း ၁၀ တို့မှ ကျန်ရစ်သူမိသားစုများဖြစ် ကြောင်း သိရှိရသည်။

“တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေက ရခိုင်၊ မီး၀၊ ပလက်၀၊ ရသေ့တောင်မှာ ခံတိုက်လို့ သေသူတွေ၊ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဒီလကစပြီး လစာတစ်ဝက်ပဲ ပေးပါတော့တယ်။ ခံတိုက်လို့ သေသူကသေ၊ ကျဆုံးသူက ကျဆုံး။ အဲဒါကို ကျဆုံး (သို့မဟုတ်) ပျောက်ဆုံး အရာရှိစစ်သည်တွေရဲ့ လစာတစ်ဝက်သာ ပေးတာကို ကျန်ရစ်သူ တပ်မိသားစုတွေအားလုံးက စိတ်အရမ်းနာနေကြတယ်။ စောက်ရမ်းပဲ့သော တပ်ချုပ်ပါပဲ” ဟု ခမရ ၂၂၀ မှ ကျန် ရစ်သူ မိသားစုဝင်တစ်ဦးက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *