လုပ်ကွက်တွေရနေတာ ပိုက်ဆံမပေးနိုင်ရင် စုဆောင်းခံရမယ်

မော်လမြိုင်မှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေရှိလာ

မတ်လ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို အကြောင်းအမျိူးမျိုးပြဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ နေရာအနှံ့မှာ စစ်ဆေးပြီးနောက် လမ်းပေါ်မှာရှိနေတဲ့ လူငယ်တချို့ကို မထင်ရင်မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မော်လမြိုင်မြို့ မွန်ယဉ်ကျေးမှုပြတိုက်အနီးရှိ စစ်သားစုဆောင်း ရေးစခန်းထံ ခေါ်ဆောင်သွားပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်သားစုဆောင်းမှုအဖြစ် ဖမ်းဆီးခံရပြီးနောက် ငွေကြေးပေးဆောင်ပြီးမှ ပြန်လွှတ်လာတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ လူငယ်တစ်ဦးလျှင် အနည်းဆုံး ကျပ် ၄ သိန်းကနေ သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကလေးနှစ်ယောက်က ည(၈)နာရီခွဲ (၉)နာရီ လောက်ပဲရှိအုံးမယ်၊ သူတို့ကို အိမ်ကနေပြီးတော့ ပစ္စည်းတစ်ခုသွားဝယ်ခိုင်းတာပေါ့။ သူတို့ပြန်လာတော့ အမှတ်(၆) အထကမီးပွိုင့်မှာ သူတို့ကိုခေါ်ပြီး စစ်တယ်။

စစ်ပြီးတော့ ဖုန်းတွေဘာတွေ ခေါ်မေးပြီးတော့ ချာတိတ် (၂)ယောက်ကို အဲဒီအ နောက်က မွန်ယဉ်ကျေးမှု ပြတိုက်ဘေးမှာ စစ်သားစုဆောင်ရေးရှိတယ်။ အဲဒီကိုခေါ်သွားပြီးတော့ ပေးထိုင်ထားတယ်။ သူတို့ မရောက်ခင် (၁၀)ယောက်လောက်ရှိတယ်။ အိမ်ကိုအကြောင်းကြားခိုင်းလို့ အိမ်ကနေလိုက်သွားတော့ မနက်ကျတော့ တစ်ယောက်ကို (၄)သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်။

ပိုက်ဆံမပေးနိုင်ရင်တော့ ခေါ်သွားမယ့်သဘောရှိတာပေါ့။ ပိုက်ဆံပေးတဲ့ သူကျတော့ ပြန်လွတ်ပေးတာပေါ့”လို့ ဆိုပါတယ်။စစ်ကောင်စီဘက်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထားဖမ်းဆီးလာတာ၊ ဖမ်းဆီးပြီး ခြိမ်း ခြောက် ငွေညှစ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ဒေသခံလူငယ် တစ်ဦးကတော့ စစ်ကောင်စီက စစ်သားစုဆောင်ရေးတွေကို အချိန်တိုအတွင်း လုပ်လာနိုင်တဲ့အတွက် လူငယ်တွေအနေနဲ့ နိုင်ငံခြားသွားတာ ဒါမှမဟုတ် တော်လှန်ရေးအင်းအားစုနယ် မြေတွေထဲ သွားရောက်ဖို့ ဆုံးဖြတ်ရတော့မယ်လို့ ပြောပါတယ်။ “ဒီအချိန်တိုအတွင်းမှာလည်း သူတို့လုပ်တာရှိနိုင်သလို နောက်ဒီလာမယ့် မေလတို့ ဇွန်၊ ဇူလိုင် ဒီလတွေ လောက်မှာလည်း သူတို့လုပ်တာတွေ အများကြီးရှိဦးမယ်။

ဆိုတော့ ကျွန်တော်တို့လူငယ်တွေမှာ ရွေးချယ်စရာ (၂)ခုပဲ ရှိတယ်။ တစ်ခုက ဒီကိုယ့်ရဲ့လွတ်မြောက်တဲ့ နေရာပေါ့နော်။ ဥပမာနိုင်ငံ ခြားသွားမလား၊ ဒါမှမဟုတ်ရင် သက်ဆိုင်ရာ ဒီတော်လှန်ရေးအင်အားစုတွေရှိတဲ့ နယ်မြေထဲကို သွားမလား။ နောက်တစ်ခု ကျွန်တော်ဖြစ်စေချင်တာက ဒီတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ဒီစကစကို ကျွန်တော်တို့ တိုက်ထုတ်ဖို့ပဲ။ ဒီတစ်ခုက အကောင်းဆုံးနည်းလမ်းလို့ ကျွန် တော်တော့ လူငယ်တွေကို ပြောချင်တယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးလာတာကြောင့် ညပိုင်း အချိန် ၈ နာရီ နောက်ပိုင်းကစပြီး မြို့တွင်း အပြင်ထွက်သွားလာသူ သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက မွန်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်တွေအနေနဲ့ စစ်ကောင်စီမှာ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ကာ လူစည်ကားရာနေရာတွေနဲ့ ရပ်ကွက်အတွင်းက နေအိမ်တွေအထိ ဝါဒဖြန့်စာစောင်တွေ လိုက်လံဖြန့်ဝေနေတာပါ။

လက်ကမ်းစာစောင်ထဲမှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေမစိုးရိမ်ဖို့၊ စစ် သင်တန်း တက်ရောက်ပြီးပါကလည်း မိမိတို့ဆန္ဒရှိတဲ့ ဒေသတွေမှာသာ တာဝန်ထမ်းဆောင်ရမယ့်အပြင် လစာနဲ့ ခံစားခွင့်တွေပါရရှိမယ်ဆိုပြီး ဝါဒဖြန့်တာတွေ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီး နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅နှစ်အထိ စစ်မှုထမ်းရမှာဖြစ်သလို စစ်မှုမထမ်းဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူ ငယ်အများစုဟာ ထိုင်းနိုင်ငံအပြင် နီးစပ်ရာနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေကို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစလို့ အာဏာတည်စေရမယ်လို့ ကြေညာခဲ့တာပါ။ဓာတ်ပုံ-CJ#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *