လူမျိုးရေးနဲ့အကွက်ဆင်နေဘီ(ရုပ်သံ)

စစ်ကောင်စီမှ ရခိုင်ကမွတ်ဆလင်များကို စစ်သင်တန်းပေးနေသည့် မြင်ကွင်းတစ်ခု (ရုပ်သံ)

မတ်လ ၁၁ ရက်

အာဏာသိမ်းစစ်ကောင်စီမှ ရခိုင်ပြည်အတွင်းက မွတ်ဆလင်အမျိုးသားများကို အတင်းအဓ္ဓမ စစ်မှုထမ်းရန် ခေါ်ယူပြီး စစ်ပညာသင်တန်း တိုက်ခိုက်ရေးသင်တန်းပေးနေကြောင်း ပြည်တွင်းနေ မွတ်ဆလင်အသိုင်းအဝိုင်းနှင့် ဒေသခံများက အတည်ပြုပြောဆိုထားကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင်များအား စစ်သင်တန်းပေးအပ်နေသည်ဟု ပြည်တွင်းနေ မွတ်ဆလင်များမှတစ်ဆင့် ပြည်ပနေ မွတ်ဆလင်အသိုင်းအဝိုင်းက ဗီဒီယိုနှင့်တကွ ထုတ်ပြန်ပြောဆိုနေကြသည်။

ယခု ဗီဒီယိုဖိုင်တွင် မြန်မာစစ်တပ် စစ်ဝတ်စုံဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဗမာစကားပြော၍ သေချာသင်ကြားပေးနေသည်ကို တွေ့ရသည်။

သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက အထူးသဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူက ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို စစ်မှုထမ်းရန် ခေါ်ယူခြင်းမရှိကြောင်း၊ ၎င်းတို့မှာ နိုင်ငံသားမဟုတ်၍ စစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ကြောင်း ငြင်းဆိုနေဆဲဖြစ်သည်။

စစ်ကောင်စီက မွတ်ဆလင်များအား စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူနေခြင်းနှင့် စစ်ပညာသင်ကြးပေးနေသည်ကို အချို့သော ပြည်တွင်းပြည်ပရှိ မွတ်ဆလင်အသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချထားကြသည်။

ယခု စစ်မှုထမ်းရန် ခေါ်ယူခြင်းခံရသော မွတ်ဆလင်များနှင့် နီးစပ်သည့် အချို့မွတ်ဆလင်အသိုင်းအဝိုင်းကမူ စစ်ကောင်စီမှ စစ်မှုထမ်းရန်ခေါ်ယူခြင်းနှင့် စစ်ပညာသင်ကြားပေးသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြသည့်အပြင် Rohingya Muslim Military Army သို့မဟုတ် Rohingya Muslim Army ဟု ဖွဲ့စည်းပေးထားကြောင်း ပြောဆိုနေကြသည်။

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်များကို စစ်မှုထမ်းရန် ခေါ်ယူပြီးနောက် မွတ်ဆလင်စစ်တပ် ထူထောင်ပေးမည်ဟု စစ်ပညာသင်ကြားခံနေရသော မွတ်ဆလင်များမှ ပြောဆိုကြကြောင်း ပြည်တွင်းနေ မွတ်ဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်အသိုင်းအဝိုင်းကြားတွင် ပျံ့နှံ့နေသည်။

ရခိုင်ပြည်အတွင်း ငြိမ်းချမ်းစွာနေထိုင်နေသော မွတ်ဆလင်လူမျိုးများကို အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုထမ်းရန် ခေါ်ယူနေခြင်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA မှ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီအနေဖြင့် အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာများ ပိုမိုကြီးထွားစေရန် မွတ်ဆလင်လူမျိုးများအား စစ်မှုထမ်းခေါ်ယူနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်ပြည်အတွင်းရှိ ရခိုင်လူမျိုးများနှင့် မွတ်ဆလင်လူမျိုး အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားစေရန် ဖန်တီးကြိုးပမ်းလေ့ရှိသည်ဟု AA က ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မွတ်ဆလင်များအား စစ်မှုထမ်းခိုင်းနေခြင်းသည် သာမန်ပြည်သူလူထုကို စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေရုံသာမက ရခိုင်ပြည်အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်သည် ရခိုင်နှင့်မွတ်ဆလင်တို့ကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုဖြစ်စေရုံသာမက မွတ်ဆလင်ဒုက္ခသည်များ၏ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာ ပို၍ဝေးကွားစေမည်ဟု AA က ဆိုသည်။

ထိုကြောင့် အာဆီယံနိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်ကို အထူးစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားပေးကြရန် ရက္ခိုင့်တပ်တော် AA မှ တိုက်တွန်းတောင်းဆိုနေသည်။

ဗီဒီယို – Mohammed Alam Facebook

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *