မန္တလေးကနေပြည်တော်မှုခင်းသတင်းထောက်ရုံးကသတင်းထောက်တွေဓားနဲ့ဝင်အခုတ်ခံရလို့၄ယောက်ဒဏ်ရာရ
မတ်လ ၂၅
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက နေပြည်တော်မှုခင်းသတင်းထောက်ရုံးထဲကို အမည်မသိလူအုပ်ကြီးက ဝင်ရောက်လာပြီး တွေ့တဲ့ သတင်းထောက်တွေကို ဓားနဲ့လိုက်ခုတ်ခဲ့ရာ ၄ယောက်အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည က အင်းအား၅၀ဝန်းကျင်လူအုပ်ကြီးက မှုခင်းသတင်းထောက်ရုံးထဲဝင်လာပြီး တွေ့တဲ့လူကို ဓါးနဲ့လိုက်ခုတ်လို့ သတင်းထောက်၄ယောက်အပြင်းအထန်ဒဏ်ရာရသွားရာ မန္တလေးဆေးရုံကြီးကိုတင်ပို့ကုသနေရတယ်လို့သိရပါတယ်။”ရပ်ကွက်ထဲဆူဆူညံညံအသံတွေကြားရလို့ကြည့်လိုက်တာ မှုခင်းသတင်းထောက်တွေရဲ့ရုံးမှာဓါးခုတ်မှုဖြစ်တာတဲ့။
ဒီကောင်တွေက စစ်တပ်သတင်းပေးတပိုင်းဆိုတော့ ရပ်ကွက်ထဲကလူတွေကဒီအတိုင်းကြည့်နေကြတာပဲ။ လာခုတ်တဲ့အဖွဲ့ကလည်းလူများတယ်။ ဘာကြောင့်ခုတ်လဲတော့မသိဘူး”လို့ဒေသခံတဦးကပြောပါတယ်။နေပြည်တော်မှုခင်းသတင်းရုံခန်းထဲကို လူအုပ်နဲ့ဝင်စီးပြီး ဆိုင်းဘုတ်ကိုဖျက်စီးသွားသလို ရုံးပိုင်လပ်တော့ပ် (၁)လုံးနဲ့ ဖုန်း (၆)လုံးကိုယူဆောင်သွားတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကရေးသားထားပါတယ်။
ဓါးခုတ်ခံရတဲ့ မှုခင်းသတင်းထောက်ဆိုသူ၄ဦးကို လူနာတင်ကားနဲ့လာရောက်ခေါ်ဆောင်သွားပြီး မန္တလေးဆေးရုံကြီးမှာ စိုးရိမ်ရ လူနာများအဖြစ်နဲ့ဆေးကုသပေးနေရတယ်လို့သိရပါတယ်။