1.4.2024 မှ 7.4.2024 အထိ ၇ ရက်သားသမီးများအတွက် တပါတ်စာ ကံကြမ္မာ ဟောစာတမ်း

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

တနင်္ဂနွေသားသမီးများသည် ဒီကာလတွင် အလုပ်နေရာအပြောင်းအရွှေ့များ ကြုံတွေ့ရတတ်သည်။ ထေ့ငေါ့ကြန့်ကြာနေသောကိစ္စများပြေလည်၍ ကောင်းသောအပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်။ နေအိမ်ပြင်ဆင်ရခြင်း၊ အိမ်အသစ်စတင်ဆောက်လုပ်ရခြင်းများ ပြုလုပ်ရတတ်သည်။ ရေလမ်းခရီးမှ ကူညီထောက်ပံ့မည့်ဧည့်သည်ကောင်းများ ရောက်ရှိလာလိမ့်မည်။ ယာဉ်သစ်၊ ကားသစ်များဝင်ရောက်လိမ့်မည်။ ခရီးကောင်းများ ထွက်ရတတ်သည်။ ရုတ်တရက် စီးပွားတိုးတက်ခြင်း၊ ထီပေါက်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ ငွေအစုလိုက်အပြုံလိုက် ဝင်ရောက်ရတတ်သည်။ လုပ်ငန်းတစ်ခုခုမှ အကျိုးအမြတ်တစ်ခုခု ရရှိရတတ်သည်။ ငွေအကုန်အကျများခြင်း၊ ပစ္စည်းဆုံးရှုံးခြင်းများ သိသိသာသာလျော့ပါးသွားလိမ့်မည်။ ကျန်းမာရေးညံ့နေပါက သူ့အလိုလိုကောင်းမွန်သွားလိမ့်မည်။ ၃ ရက် ၄ ရက်များတွင်တော့ သားသမီးအတွက် စိတ်သောကရောက်စရာများ ဖြစ်ပေါ်ရတတ်သည်။ ရင်ဘတ်မကြာခဏအောင့်ရတတ်သည်။ အကြံအစည်များ ပျက်ပြားရတတ်သည်။ အိမ်တွင်းရေးမသာမယာဖြစ်ရတတ်သည်။ မိတ်ဆွေတစ်ဦး၏ အထင်လွဲခြင်းကိုခံရတတ်သည်။ အလုပ်ထဲ၌ ရန်ပေါ်ပေါက်ရတတ်သည်။ မထင်မှတ်သော ရုတ်တရက်အန္တရာယ်များ ကြုံရတတ်သည်။ မီးဘေး၊ လျှပ်စစ်ဘေး အထူးသတိထားရမည့်ကာလဖြစ်သည်။ အိုးအိမ်နေရာထိုင်ခင်းအတွက် အနည်းငယ်စိတ်သောကရောက်ရတတ်သည်။ သံစူးခြင်း၊ သွပ်ရှခြင်းတို့ ဖြစ်ပေါ်ရတတ်သည်။ သတိထားပါ။ ၅ ရက်နေ့နောက်ပိုင်းတွင်တော့ ကံဇာတာပြန်လည်တိုးတက်လာပါလိမ့်မည်။ နိုင်ငံရပ်ခြားသွားဖို့စီစဥ်ထားသူများ အဆင်ပြေချောမွေ့လိမ့်မည်။ လက်ဆောင်ပစ္စည်းများ ရောက်ရှိလာလိမ့်မည်။ ဘာသာရေးနှင့်သက်ဆိုင်သောခရီးဝေးများ ထွက်ရတတ်သည်။ ဆရာသမား၊ အကြီးအကဲတို့၏ ကူညီမစမှုကို ရရှိရတတ်သည်။ ဘာသာရေးအလုပ်ကို ဖိဖိစီးစီးလုပ်သူများ အထက်ဝိဇ္ဇာများ၏ ကူညီမှုကိုရရှိပြီး မိမိလိုအင်ဆန္ဒများ ပြည့်ဝရတတ်သည်။ ငွေကြေးလာဘ်လာဘရွှင်လန်းသော ကာလဖြစ်သည်။

လူမှုရေး
လူမှုရေးတွင် လူအများ၏ မိမိအပေါ်၌ မခေါ်မပြောချင်သလိုဆက်ဆံခြင်းကို ခံရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ လိုတမျိုးမလိုတမျိုးနှင့် စိတ်သဘောထားပြောင်းလဲမှုများကို ခံရတတ်သည်။

အိပ်မက်
လေပေါ်တွင်ပျံဝဲနေရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၆-၉

ယတြာ
သက်ကြီးရွယ်အိုတစ်ယောက်ယောက်ကို ငွေ ၉ ရာ လှူဒါန်းလိုက်ပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ တနင်္လာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

တနင်္လာသားသမီးများသည် ဒီကာလတွင် ခုတစ်မျိုးတော်ကြာတစ်မျိုးနှင့် စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ယောင်ချာချာဖြစ်နေရတတ်သည်။ တောင်စဥ်ရေမရအကျိုးမရှိသောခရီးတိုများ ဆက်တိုက်ထွက်ခွာရတတ်သည်။ ထိုင်ရတော့မလိုထရတော့မလို စိတ်ဂနာမငြိမ်ဖြစ်ရတတ်သည်။ အရောင်းအဝယ်များမှာလည်း ပုံမှန်မဟုတ်ဘဲ အနည်းငယ်ကျဆင်းနေတတ်သည်။ ခန္ဓာကိုယ်ဘယ်ဖက်ခြမ်း မကြာခဏအောင့်ရတတ်သည်။ ခရီးများသွားလွန်း၍ ခြေထောက်၌ထိခိုက်အနာတရဖြစ်ရတတ်သည်။ သတိထားပါ။ စိတ်များမကြည်မလင်ဖြစ်မှုကြောင့် တဇွတ်ထိုးတဇောက်ကန်းလုပ်ချင်စိတ်များ ပေါ်ပေါက်ရတတ်သည်။ ထိုသို့လုပ်ပါက မလိုလားအပ်သောအန္တရာယ်များနှင့် ကြုံတွေ့ရတတ်သည်။ လုပ်သမျှကြံသမျှများမှာလည်း အလွဲလွဲအချော်ချော် အမှားမှားအယွင်းယွင်းဖြစ်နေရတတ်သည်။ ၃ ရက်နေ့နောက်ပိုင်းတွင်တော့ စပ်တူစပ်ဖက်လုပ်ဖို့လုပ်ငန်းများကမ်းလှမ်းခြင်းကို ခံရတတ်သည်။ ၎င်းစပ်တူလုပ်ငန်းများမှ အကျိုးအမြတ်များရရှိလိမ့်မည်။ ဆုံးရှုံးသွားသော ငွေကြေးနှင့်အခွင့်အရေးဟောင်းများ ပြန်လည်ရရှိလိမ့်မည်။ ကွဲကွာလျက်ရှိသော မိတ်ဟောင်းဆွေဟောင်း၊ သူငယ်ချင်းအပေါင်းအသင်းဟောင်းများနှင့် ပြန်လည်ဆုံဆည်းလိမ့်မည်။ ပညာရေးနှင့်ပတ်သက်ပြီး ထူးထူးချွန်ချွန်အောင်မြင်မှုများ ရရှိရတတ်သည်။ လုပ်ငန်းဟောင်းနေရာဟောင်းများကို ပြန်လည်လုပ်ကိုင်ရတတ်သည်။ အောက်လက်ငယ်သားများနှင့်ပတ်သက်ပြီး အောင်မြင်မှုသတင်းများ ကြားသိရတတ်သည်။ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ သြဇာအာဏာတိုးတက်ခြင်းတို့ ခံစားရတတ်သည်။ မမျှော်လင့်ဘဲ အကူအညီကောင်းများရရှိရတတ်သည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော ယာဉ်များဝင်ရောက်လာလိမ့်မည်။ ပျော်ရွှင်ဖွယ်ရာအကျိုးထူးသောခရီးများ သွားရလိမ့်မည်။ အလုပ်အကိုင်များတိုးတက်လိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးလစာတိုးအခွင့်အရေးများ ကြုံတွေ့ရတတ်သည်။ ထီပေါက်ခြင်း၊ ငွေကြေးလာဘ်လာဘရွှင်လန်းခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်သည်။

လူမှုရေး
လူမှုရေးတွင် မိမိအပေါ်၌ ဂရုစိုက်ကြင်နာမှုရရှိသောကာလဖြစ်၍ စိတ်ကျေနပ်ပျော်ရွှင်နေရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူထံမှ လက်ဆောင်ပစ္စည်းများရရှိရတတ်သည်။

အိပ်မက်
ပျော်ရွှင်စရာအခမ်းအနားများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၀-၉-၂

ယတြာ
မိမိအနီးအနားပတ်ဝန်းကျင်တွင်ရှိသော စိတ်မနှံ့သူတစ်ယောက်ယောက်အား စားစရာတစ်ခုခုဝယ်ကျွေးလိုက်ပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ အင်္ဂါသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

အင်္ဂါသားသမီးများသည် ဒီကာလတွင် လုပ်ငန်းကိစ္စများ တို့လို့တန်းလန်းနှင့် မပြီးမပြတ်ဖြစ်နေရတတ်သည်။ ငွေများဝင်သလောက် အဖတ်မတင်ဖြစ်ရတတ်သည်။ အလုပ်များရည်ရွယ်ချက်များမှာ ရှေ့မဆက်နိုင်ဖြစ်ရတတ်သည်။ ခြေထောက်ပိုင်းတွင် ဒဏ်ရာရခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းချို့ယွင်းခြင်းတို့ ဖြစ်ပေါ်ရတတ်သည်။ အခန့်မသင့်ပါက ခွဲစိတ်ကုသမှုနှင့်ရင်ဆိုင်ရတတ်သည်။ နေအိမ်အနီးအနား၌ နာရေးပေါ်ပေါက်ရတတ်သည်။ သွားရောက်ခြင်းမပြုပါနှင့်။ သူတစ်ပါး၏ အကြောင်းမဲ့စွပ်စွဲပြောဆိုခြင်းကိုခံရတတ်သည်။ မြေကိစ္စ၊ အမွေကိစ္စတို့အတွက် ခွန်းကြီးခွန်းငယ်စကားများရတတ်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားရတတ်သည်။ မိမိရှိသမျှပစ္စည်းများ ထုခွဲရောင်းချပြီး လုပ်ငန်းသစ်လုပ်လိုစိတ်များပေါ်ပေါက်လိမ့်မည်။ မည်သည့်အခက်အခဲနှင့်ပဲကြုံကြုံ စိတ်ရှည်ရှည်ထားပြီး သည်းခံဖြေရှင်းပါက နောက်ဆုံးတွင် အခက်အခဲများမှ လွတ်မြောက်ပါလိမ့်မည်။ ၄ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ လုပ်ငန်းစီးပွားသစ်များ လုပ်ကိုင်ရလိမ့်မည်။ ရပ်ဝေးမြေခြားခရီးများ သွားရတတ်သည်။ နိုင်ငံရပ်ခြားမှ အဆက်အသွယ်ကောင်းများနှင့် ချိတ်ဆက်ရတတ်သည်။ လုပ်ငန်းနှစ်မျိုးမှ ဝင်ငွေနှစ်မျိုးရရှိရတတ်သည်။ အကြံဉာဏ်စိတ်ကူးသစ်များ ပေါ်ထွက်လိမ့်မည်။ ရပ်ဝေးမှ ဧည့်သည်ကောင်း၊ မိတ်ဆွေကောင်းများ ရောက်ရှိလာရတတ်သည်။ သိုလှောင်ပစ္စည်းများမှ အကျိုးအမြတ်များရရှိလိမ့်မည်။ မိမိကိုးကွယ်သော ရိုးရာနတ်များ၏ ကူညီစောင်မမှုကိုရရှိလိမ့်မည်။ စိတ်ချမ်းသာမှုများ၊ အလုပ်အကိုင်တိုးတက်မှုများ တစ်ခုပြီးတခုရရှိလိမ့်မည်။ ကြံစည်ထားသောအကြံအစည်များ အားလုံးအဆင်ပြေချောမွေ့လိမ့်မည်။ ရွှေစသော အဖိုးတန်ပစ္စည်းများဝင်ရောက်လိမ့်မည်။ ကွဲကွာနေသူ၊ ပျောက်ဆုံးနေသူများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ လက်တွဲဖော်လက်တွဲဖက် မိတ်ကောင်းဆွေကောင်းများရရှိလိမ့်မည်။

လူမှုရေး
လူမှုရေးတွင် မိမိအပေါ်၌ မကောင်းမြင်သူများရှိသော်လည်း မိမိ၏မှန်မှန်ကန်ကန်လုပ်ဆောင်မှုကြောင့် အမြင်ကြည်လင်မှုများ ပြန်လည်ရရှိလာပါလိမ့်မည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှင့်ပတ်သက်ပြီး စိတ်ပျက်စရာများကြုံတွေ့ကာ လမ်းခွဲချင်သော်လည်း အရင်ကပျော်ရွှင်ခဲ့သည်များကိုထောက်ထားပြီး သာယာပျော်ရွင်ဖွယ်ဖြစ်အောင် နေထိုင်နေရတတ်သည်။

အိပ်မက်
အရင်ကပျော်ရွှင်စရာအဖြစ်အပျက်များကို ပြန်လည်အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၂-၁-၀

ယတြာ
မိမိအနီးအနားပတ်ဝန်းကျင်တွင်ရှိသော ကလေးသူငယ်များအား ပညာရေးနှင့်ပတ်သက်သော စာရေးကိရိယာများ တတ်နိုင်သလောက်လှူဒါန်းလိုက်ပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် သူတစ်ပါးကိစ္စများအာမခံမိ၍ မိမိမှာပါအမှုပတ်ရတတ်သည်။ တစ်ယောက်ယောက်၏ အကြပ်ကိုင်ဒုက္ခပေးခြင်းကိုခံရတတ်သည်။ အောက်လက်ပယောဂဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင်ခံစားနေရတတ်သည်။ ရောဂါကြီးကြီးမားမားမရှိဘဲ ကျန်းမာရေးညံ့သကဲ့သို့ဖြစ်ရတတ်၏။ အစာမှားခြင်း၊ အစာအဆိပ်တောက်ခြင်းများ ဖြစ်ပေါ်ရတတ်သည်။ သူတစ်ပါး၏ စွပ်စွဲပြောဆိုခြင်း၊ ပစ်စာတိုင်စာပြုလုပ်ခြင်းများကိုခံရတတ်သည်။ သည်းခံလိုက်ပါ။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုများဖြစ်ရတတ်၏။ မိမိမလုပ်ချင်သောအလုပ်များကို စိတ်မပါ့တပါဖြင့်လုပ်ရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားများနှင့်ပတ်သက်ရတတ်သည်။ လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော်ဖြစ်ရတတ်၏။ လုပ်ငန်း၌ရန်ပေါ်ပေါက်ရတတ်သည်။ ခွေး၊ ကြောင်စသော အိမ်မွေးတိရစ္ဆာန်များကြောင့် အန္တရာယ်တစ်စုံတရာကျရောက်ရတတ်သည်။ ၃ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ဝိဇ္ဇာမသကဲ့သို့ အကျိုးစီးပွားများ ရုတ်တရက်ခံစားရတတ်သည်။ ကောင်းသောခရီးများသွားရတတ်သည်။ ရပ်ဝေးရှိ ဆွေမျိုးမိတ်ဆွေများ၊ ကွဲကွာနေသူများနှင့် အမှတ်မထင်ပြန်လည်ဆုံဆည်းရတတ်သည်။ နိုင်ငံရပ်ခြားမှ မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ငန်းကိစ္စဆက်သွယ်ချိတ်ဆက်မိလိမ့်မည်။ အရေးကြီးသောကိစ္စများကို အခိုင်အမာပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရတတ်သည်။ ရွှေနှင့်ပတ်သက်ပြီး အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိလိမ့်မည်။ အဖိုးတန်ပစ္စည်းများ ဝင်ရောက်လိမ့်မည်။ လာဘ်လာဘလည်း အလွန်ရွှင်လန်းလိမ့်မည်။ ဆရာသမား သို့မဟုတ် ဘာသာရေးနှင့်သက်ဆိုင်သောပုဂ္ဂိုလ်များ၏ ကူညီစောင့်ရှောက်မှုကိုရရှိလိမ့်မည်။ အလုပ်ထဲ၌ နာမည်ကောင်းများ၊ ဂုဏ်ပြုဆုတံဆိပ်များ ရရှိလိမ့်မည်။ လက်အောက်ငယ်သားတို့၏ ချစ်ခင်ရိုသေလေးစားခြင်းကို ခံရတတ်သည်။ အလှူအတန်းလုပ်ခြင်း၊ ဘုရားဖူးသွားရခြင်းများ ဖြစ်ပေါ်လိမ့်မည်။ ပညာရေးနှင့်ပတ်သက်ပြီး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်ရတတ်သည်။

လူမှုရေး
လူမှုရေးတွင် လူလိမ်ခံရခြင်း၊ လှည့်စားအသုံးချခံရခြင်းတို့ ကြုံတွေ့ရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ မလိမ့်တပတ်နှင့်ထိန်းချုပ်အကြပ်ကိုင်ခြင်းကို ခံရတတ်သည်။

အိပ်မက်
သားရဲတိရိစ္ဆာန်များနှင့် ရင်းနှီးကျွမ်းဝင်စွာဆော့ကစားရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၈-၁-၅

ယတြာ
ဘာသာရေးပုဂ္ဂိုလ်တစ်ဦးဦးအား သူလိုအပ်သောအသုံးအဆောင်ပစ္စည်းကို မိမိတတ်နိုင်သလောက်လှူဒါန်းလိုက်ပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

ကြာသပတေးသားသမီးများသည် ဒီကာလတွင် အိမ်နေရာထိုင်ခင်းကိစ္စပြဿနာများ ပေါ်ပေါက်လိမ့်မည်။ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်ရလိမ့်မည်။ ငွေဝင်သလောက် ထွက်စရာများဆက်တိုက်ပေါ်ပေါက်ရတတ်သည်။ အိမ်နောက်ဖေးမီးဖိုချောင်ဖက်တွင် မီးလောင်ခြင်း၊ မီးလန့်ခြင်းတို့ဖြစ်ပေါ်ရတတ်သည်။ သတိထားပါ။ ထိုသို့ဖြစ်ပေါ်ပါက မိမိအဝတ်ဟောင်းတစ်ထည်ကိုစွန့်ပစ်ပြီး ထီထိုးပေးပါ။ မိမိအား စွပ်စွဲနာမည်ဖျက်ခြင်း၊ အကြောင်းမဲ့ရန်လုပ်ပုတ်ခတ်ခြင်းများကို ကြုံတွေ့ခံစားရတတ်သည်။ မိမိဘာပဲလုပ်လုပ် အကောင်းပြောခြင်းမခံရဖြစ်တတ်၏။ ၄ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာပြန်လည်တိုးတက်လာပါလိမ့်မည်။ မိတ်ကောင်းဆွေကောင်းများ ရရှိလိမ့်မည်။ ထူးခြားသော အသိပညာထူးများလည်း ရရှိလိမ့်မည်။ နာမည်ကြီးခြင်း၊ ဂုဏ်သတင်းတက်ခြင်းများဖြစ်ပေါ်လိမ့်မည်။ အဖက်ဖက်က အခြေအနေကောင်း၊ အခွင့်အလမ်းကောင်း၊ ကံကြမ္မာကောင်းများ ပွင့်လင်းလိမ့်မည်။ ငွေကြေးလာဘ်လာဘများလည်း ထီပေါက်သကဲ့သို့ဝင်လိမ့်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ အခွင့်အရေးကောင်းများဖန်တီးလာလိမ့်မည်။ ကျန်းမာရေးညံ့နေသူများ ရက်ပိုင်းအတွင်း ပြန်လည်သက်သာကောင်းမွန်သွားလိမ့်မည်။ လျှပ်စစ်မီးနှင့်ပတ်သက်သောကိစ္စ၊ ရေနှင့်ပတ်သက်သောကိစ္စများ အဆင်ပြေချောမွေ့လိမ့်မည်။ အစိုးရအကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံရတတ်သည်။ စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းကိစ္စများ အောင်မြင်လိမ့်မည်။ နာမည်ဂုဏ်သတင်းကျော်စောခြင်း၊ ဆုထူးဘွဲ့ထူးရရှိခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ဖြေဆိုထားသောစာမေးပွဲများမှ ထူးချွန်စွာအောင်မြင်မှုများရရှိလိမ့်မည်။ အလုပ်တစ်ခုမှတစ်ခုသို့ အပြောင်းအလဲများဖြစ်ပေါ်လိမ့်မည်။ ပိုမိုကောင်းမွန်သောအလုပ်အကိုင် အခွင့်အလမ်းများရရှိလိမ့်မည်။ လက်ရှိနေရာထက် တစ်ဆင့်မြင့်သော အလုပ်နေရာဌာနများဖြစ်လိမ့်မည်။ အမွေအနှစ်များရရှိရတတ်သည်။ ထိုသို့ရရှိပါက ငါးပုံတစ်ပုံအား ပြန်လည်လှူဒါန်းပေးပါ။ သို့မှသာ မိမိလက်ထဲ၌ အဖတ်တင်ကျန်ရစ်ပါလိမ့်မည်။

လူမှုရေး
လူမှုရေးတွင် ဂုဏ်သတင်းထင်ပေါ်မှုရှိပြီး လူအများ၏ ချစ်ခင်လေးစားမှုကိုခံရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် မိမိတို့ချစ်သူနှစ်ဦး သာယာပျော်ရွင်မှုအပေါ်၌ မနာလိုသူများ၏ သွေးထိုးလှုံ့ဆော်ကာနှောင့်ယှက်ခြင်းကို ခံရတတ်သည်။

အိပ်မက်
ထူးခြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၈-၇-၄

ယတြာ
မိမိအိမ်ကဘုရားတွင် မိမိအတွက်ရည်စူးပြီး သောက်တော်ရေ ၃ ခွက်အား ကပ်လှူပေးပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

သောကြာသားသမီးများသည် ဒီကာလတွင် လုပ်ငန်းကိစ္စကြီးများကို တာဝန်ယူလုပ်ကိုင်ရတတ်သည်။ အခက်အခဲများရှိသော်လည်း ပြေငြိမ်းသွားလိမ့်မည်။ အရေးကြီးသောကိစ္စများကို တပြိုင်နက်ထဲတာဝန်ယူဖြေရှင်းရတတ်သည်။ တရားသဖြင့်စီးပွားရှာပါက ကူညီမစမည့်သူများပေါ်ပေါက်လိမ့်မည်။ ဆုံးဖြတ်ရခက်ခဲသောကိစ္စများ ပေါ်လာလိမ့်မည်။ တရားရုံး၊ အမှုအခင်းတို့နှင့် ပတ်သက်ရတတ်သည်။ မိမိကသာအောင်မြင်လိမ့်မည်။ လူအများ၏ ချီးမွမ်းခြင်းကိုခံရတတ်သည်။ ထီထိုးဖြစ်အောင်ထိုးပါ။ ထီပေါက်လိမ့်မည်။ ခရီးဝေးများ သွားရတတ်သည်။ အကျိုးရှိသောခရီးဝေးများဖြစ်လိမ့်မည်။ ငွေအလုံးအရင်းနှင့်ဝင်ရောက်ရတတ်သည်။ အလှူအတန်းတစ်ခုခု ပြုလုပ်ရတတ်သည်။ လက်ရှိအလုပ်မှခွဲထွက်ပြီး နောက်အလုပ်တွင် တာဝန်နှစ်မျိုးကို ထမ်းဆောင်ရတတ်သည်။ အောင်မြင်လိမ့်မည်။ စပ်တူရှယ်ယာလုပ်ကိုင်ဖို့ ကမ်းလှမ်းခံရတတ်သည်။ မိမိထက် အသက်ဂုဏ်ကြီးသူတစ်ဦးဦးက ကူညီမစလိမ့်မည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်ကြုံတွေ့ရတတ်သည်။ ငွေကြေးလာဘ်လာဘလည်း ရွှင်လန်းလိမ့်မည်။ အိုးသစ်အိမ်သစ်၊ အလုပ်အကိုင်သစ်များရရှိရတတ်သည်။ သို့သော်လည်း အောက်လက်ငယ်သားများကြောင့် စိတ်ညစ်စိတ်သောကရောက်ရတတ်သည်။ သူတို့၏ အမှုအခင်း၊ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးရတတ်သည်။ သူတစ်ပါးတို့အား ထောက်ပံ့ပေးကပ်ရသောကြောင့် ငွေကြေးများထွက်ရတတ်သည်။ ခန္ဓာကိုယ်တစ်ခြမ်းအောင့်သကဲ့သို့ ရောဂါများခံစားရတတ်သည်။ သတိထားပါ။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော ယာဥ်တစ်မျိုးမျိုးကြောင့် အန္တရာယ်တစ်စုံတရာ ကျရောက်ရတတ်သည်။ အရင်က ကြန့်ကြာနေသောအလုပ်ကိစ္စများ ဒီကာလတွင် သွက်လက်မြန်ဆန်စွာ လုပ်ကိုင်ရတတ်သည်။ ရပ်ဝေးမှ အဆက်အသွယ်ကောင်းများနှင့် ဆက်သွယ်ချိတ်ဆက်ရတတ်သည်။ စာချုပ်စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စများ အောင်မြင်ချောမွေ့လိမ့်မည်။ ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းရေးရာကိစ္စများ၊ အလုပ်အင်တာဗျူးကိစ္စများ၊ ကောင်းမွန်စွာဖြေဆိုနိုင်လိမ့်မည်။

လူမှုရေး
လူမှုရေးတွင် အကြီးအကဲနေရာက ဦး ဆောင်ရသော်လည်း မိမိ၏မကောင်းသတင်းများကို ဝေဖန်ပစ်တင်ခြင်းအား ခံရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် အပြိုင်အဆိုင်ပေါ်ပေါက်သော်လည်း ချစ်သူ၏ အလေးပေးအလေးထားခြင်းကို ခံရတတ်သည်။

အိပ်မက်
ပြိုင်ပွဲများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၁-၇-၀

ယတြာ
မိမိအိမ်မှာရှိသော အဝတ်အစားအဟောင်းအစုတ်များကို စွန့်ပစ်လိုက်ပါ။

၁.၄.၂၀၂၄ မှ ၇.၄.၂၀၂၄ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

စနေသားသမီးများသည် အစပိုင်းရက်များတွင် ကံဇာတာနိမ့်ကျရတတ်သည်။ အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်ရတတ်သည်။ လေထိုးလေအောင့်ရောဂါများ ဖြစ်ပေါ်လိမ့်မည်။ သူစိမ်းတရံများနှင့် စကားများရန်အတိုက်အခံဖြစ်ရတတ်သည်။ ထူးခြားသောရုပ်ထုတစ်ခု ရောက်ရှိလာရတတ်သည်။ ထိုရုပ်ထုရောက်ရှိလာပါက စီးပွားလာဘ်လာဘတိုးတက်လိမ့်မည်။ အောက်လက်ငယ်သားများ ဒုက္ခပေးတတ်သည်။ ပစ္စည်းပျောက်ခြင်း၊ မျက်စိနာခြင်းများ ဖြစ်ပေါ်တတ်၏။ အလုပ်ထွက်ချင်စိတ်များ ပေါ်ပေါက်ရတတ်သည်။ ထင်မှတ်မထားသောအန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရတတ်သည်။ ထိတ်လန့်ခြောက်ခြားဖွယ်အိပ်မက်ဆိုးများ မြင်မက်ရတတ်သည်။ ၃ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကောင်းသောကံကြမ္မာအပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်။ မိတ်ဆွေကောင်းတစ်ဦးနှင့် ချိတ်ဆက်လုပ်ကိုင်ရတတ်သည်။ အသုံးဝင်သောပညာရပ်ကောင်းတစ်ခုလည်း ရရှိလိမ့်မည်။ “ဆိတ်ဆိတ်နေထောင်တန်”ဟူသော စကားပုံအတိုင်း ဒီကာလ၌ နေထိုင်ကျင့်ကြံဖို့လိုပါသည်။ စက်ပစ္စည်းနှင့်ပတ်သက်ပြီး အလွန်ကောင်းသောစက်ပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ်ရရှိလိမ့်မည်။ သူတစ်ပါးတို့၏ မေတ္တာရေးကိစ္စတို့တွင် ပါဝင်ကူညီပံ့ပိုးလုပ်ကိုင်ပေးရတတ်သည်။ မိမိချစ်သူခင်သူများနှင့် ခရီးဝေးများသွားရတတ်သည်။ ရပ်ဝေးမှ ဝမ်းသာစရာသတင်းကောင်း၊ ဧည့်သည်ကောင်းများရောက်လာလိမ့်မည်။ ရေကြောင်းခရီးသွားဖို့စီစဥ်ထားသူများ ဒီကာလတွင်အဆင်ပြေလိမ့်မည်။ မြေကိစ္စ၊ အိမ်ကိစ္စများ၌ ပွဲစားအဖြစ်လုပ်ကိုင်ရင်း အကျိုးအမြတ်များရရှိလိမ့်မည်။ မိမိပတ်ဝန်းကျင်၌ သြဇာတိက္ကမမြင့်မားရတတ်သည်။ ဂုဏ်သရေရှိသောလူကြီးကတော်တို့၏ ချစ်ခင်ကူညီစောင့်ရှောက်ခြင်းကိုခံရတတ်သည်။ အကြီးအကဲတို့၏ အခွင့်အရေးပေးခြင်း၊ ချီးမြှင့်မြှောက်စားခြင်းကို ခံစားရတတ်သည်။ ဂုဏ်ပြုလက် ဆောင်ပစ္စည်းများလည်း ရရှိရတတ်သည်။ အလုပ်အကိုင်ဌာနကောင်းများတွင် ပြောင်းရွှေ့နေရာချထားပေးခြင်းကိုခံရတတ်သည်။

လူမှုရေး
လူမှုရေးတွင် စိတ်ခြောက်ခြားစရာများကြုံတွေ့ရသော်လည်း မိမိ၏ အနေအထိုင်မှန်ကန်မှုကြောင့် လူအများ၏ ချစ်ခင်လေးစားမှုကို ပြန်လည်ရရှိရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှင့်ပြတ်မလိုဖြစ်ပြီးမှ ပြန်လည်ပြေလည်သွားရတတ်သည်။

အိပ်မက်
ကြည်လင်သောကောင်းကင်တွင် သောကြာကြယ်ကြီးထွန်းလင်းတောက်ပသည်ကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၅-၆-၃

ယတြာ
ကိုယ်ဝန်ဆောင်မိခင်သည်များကို သူတို့လိုအပ်သောအသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*