အမှတ်(၁)တံတား အပိုင်းစားရလိုက်ဘီ

အမှတ်(၁)တံတား အပိုင်းစားရလိုက်ဘီ

မဲဆောက် – မြဝတီအမှတ်(၁)တံတားတွင် ကရင်ပူးပေါင်းတပ် နေရာယူ

-People’s Spring

မြဝတီမြို့နေရာအချို့နှင့် မဲဆောက် – မြဝတီအမှတ်(၁) ချစ်ကြည်ရေးတံတား နေရာများတွင် ကရင်ပူးပေါင်းတပ်များက ယနေ့ နေရာယူထားသည်ကို တွေ့ရသည်။

မဲဆောက် – မြဝတီချစ်ကြည်ရေး အမှတ်(၁) တံတားအောက်တွင် ကရင်ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်းတွင် နေရာယူထားသည်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ လှမ်းမြင်တွေ့ရသည်။ အမှတ်(၁) တံတားအောက်၌ မြင်တွေ့ရမှုတွင် အနည်းဆုံး ကရင်ပူးပေါင်းတပ်မှ ရဲဘော် ဆယ်ဂဏန်းခန့် နေရာယူထားသည်ကို မြင်တွေ့ရသည်။

ထို့အပြင် မြဝတီမြို့ဘက်ခြမ်းရှိ အမှတ်(၁) တံတားတွင် KNLAပူးပေါင်းတပ်များက နေရာယူထားသည်ဟု လူထုနွေဦး​၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စကစ စစ်သားတွေ ရဲတွေက မြို့ထဲမှာလည်း မရှိတော့ဘူးနော်။ ရှိလည်း အရပ်ဝတ်နဲ့ပဲ နည်းနည်းရှိတယ်။ မဲဆောက်ဘက်ကို ပြေးကုန်ကြပြီ”ဟု ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါ အမှတ်(၁)တံတားပေါ်မှ ပြည်သူများလည်း ဖြတ်သန်းသွားလာနေသည်ကို လည်း တွေ့ရသည်။

ထို့အပြင် မြဝတီမြို့အဝင်၌ ယနေ့ နေ့လယ်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက စိမ်းလဲ့မြိုင်ကားဝင်းအနီး လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း အဆိုပါမြို့ခံအချို့က ပြောသည်။

ယနေ့ (ဧပြီ ၉ရက်) နေ့လယ် ၁၂နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁နာရီခန့်တွင် စစ်ကောင်စီက ခမရ(၂၇၅)တပ်ရင်းအနီးရှိ စိမ်းလဲ့မြိုင်းကားဝင်းအနီးကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့၌ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောသည်။

” ဘဏ်တွေလည်း ပိတ်သွားပြီ။ ဒီနေ့တော့ မြို့ကလူတွေလည်း မဲဆောက်ဘက်ကို ကူးကုန်ပြီ။ ၂၇၅တပ် ရှေ့နားမှာ မီးတွေလောင်နေတယ်။ စိမ်းလဲ့မြိုင်နဲ့ ၂၇၅နဲ့က နီးနီးလေး”ဟု မြဝတီမြို့ခံ တစ်ဦးကလည်း ပြောသည်။

အခြား မြဝတီမြို့ခံ တစ်ဦးကလည်း “နေ့လယ် ၁၂ခွဲလောက်မှာ လေယာဥ် သုံးစီးပတ်နေတယ်။ မြဝတီမြို့ပေါ်မှာ ပတ်ပျံနေတယ်”ဟု ပြောသည်။

မြဝတီမြို့တွင် မြို့စောင့်တပ်အဖြစ် ခမရ(၂၇၅) တပ်ရင်း ကျန်ရှိနေပြီး မြို့နယ်ရှိ သင်္ဃန်းညီနောင်ဒေသ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရာရှိ၊ စစ်သည်များအပါအဝင် တပ်မိသားစု စုစုပေါင်း ၆၁၇ဦးမှာ လက်နက်ချအညံ့ခံခဲ့သည်။

မြဝတီမြို့ သင်္ကန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းကို KNLA၊ PDF ပါဝင်သည့် ပူးပေါင်းတပ်များက ဧပြီ ၅ရက်က တိုက်ခိုက် သိမ်းယူခဲ့ပြီး​နောက် မြဝတီမြို့၌ စစ်ရေးဆက်လက်တင်းမာနေစဉ် ယနေ့(ဧပြီ ၉ရက်)တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။

(မဲဆောက် – မြဝတီ အမှတ်(၁)တံတားအောက်တွင် နေရာယူထားသော ကရင်ပူးပေါင်းတပ်မှ ရဲဘော်များအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – PS)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *