အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၇၀ နှင့် ၅ သောင်းအထိ စံချိန်တင်စျေးမြင့်တက်
ဩဂုတ် ၈
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၇၀ နှင့် ၅ သောင်းအထိ စံချိန်တင်စျေးမြင့်တက်သွားကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
ယနေ့တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ စံချိန်တင် မြင့်တက်လာမှုကြောင့် ရွှေစျေးနှုန်းများပါ စံချိန်တင်မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ စျေးကွက်တွင် အရောင်းမရှိဘဲ အဝယ်သာ များပြားနေကြောင်း သိရှိရသည်။ “အရွက်စျေးက တစ်ဒေါ်လာ ၅၆၀၀ ကျော်သွားတော့ ရွှေစျေးပါ လိုက်တက်တာ။
ကမ္ဘာ့ရွှေစျေးက အပြောင်းအလဲ အရမ်းမရှိဘူး။ ကမ္ဘာ့ရွှေစျေးက ရွှေတစ်အေင်စကို ဒေါ်လာ ၂၄၀၀ ဝန်းကျင်ပဲ။ မြန်မာ့ရွှေစျေးက ဒေါ်လာစျေးတက်လို့ စံချိန်တင် စျေးဖြစ်သွားတာပါ။ အခုက အခေါက်ရွှေတစ်ကျပ်သားကို သိန်း ၇၀ နဲ့ ၅ သောင်းပေါက်နေပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။
လက်ရှိ စျေးကွက်အခြေအနေမှာ စံချိန်တင် စျေးနှုန်းများနှင့် ဂယောက်ဂယက်ဖြစ်နေပြီး ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်ပါက ရွှေစျေးမှာလည်းအခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၅ သိန်းကျော်အထိ ရောက်ရှိနိုင်ကြောင်း ရန်ကုန်ရွှေကုန်သည်က သုံးသပ်ပြောဆိုသည်။