မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ (ရုပ်/သံ)
သြဂုတ် ၂၇၊ ၂၀၂၄
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်သား ၁၀၀ ကျော်သေပြီး စစ်သုံ့ပန်းတွေကို မြို့တွင်း၊ မြို့ပြင် တွေကနေ ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး အမှတ် ၂ ရပ်ကွက်အတွင်း ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို AA သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်သားအလောင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှပ်ပေးခဲ့ပြီး လက်နက်ကိုင်ကာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းလျက်ရှိကာ လက်ကျန် စစ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီး စစ်သင်္ဘော ၈ စီးနဲ့ ရေကြောင်းကနေ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်၊ လူအင်အားဖြည့်တင်းတာ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။