ကားဝပ်လျှော့တွေ ကောင်းစားပါတော့မည်

ကားဝပ်လျှော့တွေ ကောင်းစားပါတော့မည်

ပြည်တွင်း မန်းသံပုရာကန် ရေနံချက်စက်ရုံက လစဉ် ထုတ်လုပ်သော ဓာတ်ဆီဂါလန် ၁ သိန်းကို တစ်ဂါလန်လျှင် ငွေကျပ် ၁၁၀၀၀ ကျပ်ဝန်းဖြင့် စက်သုံးဆီအရောင်းဆိုင်များသို့ ရောင်းချ၊ ပြည်တွင်းထုတ် ဓာတ်ဆီများ ရောနှောရောင်းချမှုကြောင့် ဆီအရည်အသွေး အလွန်လျော့ကျ

ရန်ကုန်၊ ဩဂုတ် ၂၈

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံက လစဉ် ထုတ် လုပ်နေသည့် ဓာတ်ဆီဂါလန် ၁ သိန်းကို တစ်ဂါလန်လျှင် ငွေကျပ် ၁၁၀၀၀ ကျပ်ဝန်းဖြင့် စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ရောင်းချနေကြောင်း ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော်ရှိ SME စက်သုံးဆီဆိုင်များအနေ ဖြင့် မန်းသံပုရာကန်ထုတ် ဓာတ်ဆီဂါလန်၁ သိန်းကို တစ်ဂါလန်လျှင် ငွေကျပ် ၁၁၀၀၀ ကျပ်ဝန်းကျင်ခန့်စျေးဖြင့် ထုတ်ယူပြီး အဆိုပါတိုင်းသုံးခုရှိ စက်သုံးဆီဆိုင်များတွင် ဆိုင်တင်ရောင်းချနိုင်ရန် စစ်ကောင်စီက လစဉ်လတိုင်းရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းရှိ မန်းသံပုရာကန်ရေနံချက်စက်ရုံက ထုတ်လုပ်သော ဓာတ်ဆီများကို အဆိုပါ စက်ရုံတွင် သွားရောက် ဝယ်ယူ ထုတ်ယူရမည်ဖြစ်ပြီး စက်သုံးဆီဆိုင်အရောက် သယ်ယူခွင့်ရရှိရေး မျောစာ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် စက်သုံးဆီဆိုင်များက ဓာတ်ဆီများကို ဆိုင်းဘုတ်ထောင်၍ရောင်းချပေးရမည်ဖြစ်ပြီး ပြန်ရောင်းရမည့်စျေးကိုလည်း 92 ဓာတ်ဆီထက်ပို၍ အကျိုးအမြတ်ပိုမိုရရှိရန် စျေးနှုန်းသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ မန်းသံပုရာကန်မှ ဓာတ်ဆီများ ဝယ်ယူပါက လက်ရှိ ဓာတ်ဆီ 92 ခွဲတမ်းလျှော့ ချမည်ဖြစ်ကြောင်း၊ ဓာတ်ဆီ သိုလှောင်ကန်အပိုရှိပြီး ဆိုင်းဘုတ်တင် ရောင်းချလိုသူများအနေဖြင့် ပြည်ပမှ တင်သွင်းသော ဓာတ်ဆီ 92 ကိုရပ်ပြီး ပြည်တွင်းထုတ်ဓာတ်ဆီပြောင်းလဲရောင်းချလိုသူများအနေဖြင့်စစ်ကောင်စီထံတွင် စာ ရင်း ပေးနိုင်ကြောင်း သိရှိရသည်။

“အခုတောင် ဆီတွေက အရောအနှောတွေနဲ့ အရည်အသွေးကျဆင်းတယ်။ ကား တွေလည်း ပျက်တယ်။ ရန်ကုန်မှာရောင်းတဲ့ ဓာတ်ဆီ 92 နဲ့ 95 တောင်မှ ထည့်ပြီးရင် ကားက မရုန်းဘူး။ မဆွဲဘူး။ လီဗာနင်းလည်း မဆွဲဘူး။ ဆီသာကုန်သွားတယ်။ ပလက်တွေလည်း ခဏခဏ ဆေးရတယ်။ အခု ပြည်တွင်းထုတ်ဓာတ်ဆီဆိုတာကြီးပေါ်လာရင်တော့ အရောအနှောတွေ ပိုဖြစ်ပြီး ကားတွေပိုပြီး ပျက်စီးမှာပေါ့” ဟု ရန်ကုန်မှ ကားဝပ်ရှော့ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *