ဗဟိုဘဏ်၏ လေလံစျေးဖြင့် တွက်ချက်ခြင်းကြောင့် မီးလင်းရွှေဈေးသတ်မှတ်

ဗဟိုဘဏ်၏လေလံစျေးဖြင့် တွက်ချက်ခြင်းကြောင့် မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်သတ်မှတ်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

အောက်တိုဘာ ၇ ရက်မှစတင်ကာ ရွှေစျေးကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပြီး မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈၆၆၃၀၀ ဖြင့် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြောင်းလဲသတ်မှတ်ခြင်းမှာ ဗဟိုဘဏ်၏ လေလံစျေးနှုန်းဖြင့် တွက်ချက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့် ရွှေစျေးနှုန်းမှာ မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈၉၂၉၀၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ရွှေစျေးနှုန်းမှာ အောက်တိုဘာ ၇ ရက်က စျေးနှုန်းထက် ကျပ်နှစ်သောင်းခြောက်ထောင်ကျော် မြင့်တက်လာသည်ကို တွေ့ရသည်။

လက်ရှိ ပြင်ပရွှေစျေးနှုန်းပေါက်စျေးမှာ အောက်တိုဘာ ၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်လေးသိန်းကျော် ရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉  သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရန်ကုန်ရွှေအသင်းထုတ်ပြန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *