မြန်မာရွှေ့ပြောင်းလုပ်သားများကို တက်ရောက်ပညာသင်ခွင့်ပြုမည့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တက္ကသိုလ်မှ တာဝန်ရှိသူများ ကော့သောင်းမြို့တွင် လာရောက်ဆွေးနွေး

မြန်မာရွှေ့ပြောင်းလုပ်သားများကို တက်ရောက်ခွင့်ပြုမည့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တက္ကသိုလ်မှ တာဝန်ရှိသူများက ကော့သောင်းမြို့တွင် လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ-ထိုင်းနှစ် နိုင်ငံပညာရေးတိုးတက်မှုအတွက် ဆွေးနွေးပွဲတစ်ခုကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ Victoria Cliff Hotel တွင် ကျင်းပခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ထိုင်းနိုင်ငံ ရနောင်းခရိုင်မှာရှိတဲ့ ရာ့ချဖတ်စွန်ဝမ်စုနန္ဒါတက္ကသိုလ်က သူတို့တက္ကသိုလ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တက်ရောက်နိုင်အောင် စီစဉ်ထားကြောင်း၊ သူတို့ရဲ့ပညာရေးအစီအစဉ်တွေကို လာရောက်မိတ်ဆက်ဆွေးနွေးတာပါ။ မြန်မာဘက်က ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါထိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဦးဆောင်သောအဖွဲ့မှာ ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် လာရောက်ပြီး ရာ့ချဖတ်စွန်ဝမ်စုနန္ဒါ တက္ကသိုလ်အဆောက်အအုံပုံစံများ၊ ပညာသင်ကြားနေမှုများ၊ ပညာရေးစနစ်များကို လာရောက်ရှင်းပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်တွင် ကျောင်းသူကျောင်းသား ၂၇၈၀၀ တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံသား ကျောင်းသားရှစ်ဦး တက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ ၃၀ ဦး ထပ်မံလက်ခံမည်ဖြစ်ကြောင်း လက်ထောက်ပါမောက္ခဒေါက်တာ ချူတိကန်စရီဘူက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာတာဝန်ရှိသူများက မြန်မာနိုင်ငံသားများ တက်ရောက်မည်ဆိုပါက လိုအပ်သည့်အချက်အလက်များ၊ သင်ကြားပို့ချမည့် ဘာသာရပ်များ၊ ကုန်ကျစရိတ်၊ နေထိုင်မှုများ စီစဉ်ထားမှုအခြေအနေများကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အဆိုပါတက္ကသိုလ်မှာ ကမ္ဘာ့အဆင့်အသိမှတ်ပြုထားသည့် တက္ကသိုလ်ဖြစ်ကြောင်း၊ ရနောင်းခရိုင်တွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တက်ရောက်ခွင့်ရအောင် စီစဉ်ထားကြောင်း၊ ကုန်ကျစရိတ်နှင့် နေထိုင်ရေးကိစ္စရပ်များကို ကော်မတီဖွဲ့စည်းပြီး ပြန်လည်ဆွေး နွေးသွားမည်ဖြစ်ကြောင်း၊ ယခုလာရောက်ခြင်းမှာ စတင်မိတ်ဆက်ခြင်းဖြစ်ကြောင်း ထိုင်းတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *