(၁၀၂၇)၅ရက်တာအတွင်း စခန်း ၈၇ခု မြို့ ၃မြို့

ကွမ်းလုံ ခလရ-၁၄၃တပ်ရင်း တစ်ရင်းလုံး လက်နက်ချပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သိမ်းဆည်း ရရှိ၊

မနေ့က စစ်အုပ်စု စခန်း ခုနှစ်ခု ထပ်မံ သိမ်းပိုက်နိုင်၊

၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်အုပ်စု စခန်း (၈၇)ခုနဲ့ မြို့သုံးမြို့ကို သိမ်းပိုက် ထိန်းချုပ်ထား၊

တေဇ/MFP ၊ နိုဝင်ဘာ – ၁

ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊ ကံမိုင်းဒေသ စစ်အုပ်စု ခြေလျင်တပ်ရင်း -ခလရ (၁၄၃)က စစ်အုပ်စု (၄၁)ယောက် လက်နက်ချ အလင်းဝင်ပြီး လက်နက်ခဲယမ်းတွေ သာမက ရိက္ခာတွေပါ သိမ်းဆည်း ရရှိတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် ကိုးကန့် MNDAA ရဲ့ ပြန်ကြားရေး ကိုးကန့်သတင်းမီဒီယာက ဖော်ပြပါတယ်။

လားရှိးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – ရမခ လက်အောက်ခံ ကွမ်းလုံမြို့နယ်၊ ကံမိုင်းဒေသက ခလရ – ၁၄၃ တပ်ရင်းက ဒု-တပ်ရင်းမှူးနဲ့ တပ်ခွဲမှူး နှစ်ယောက် အပါအဝင် စစ်အုပ်စု (၄၁)ယောက် အောက်တိုဘာ(၃၀)ရက်မှာ ညီနောင်မဟာမိတ်တွေထံ လက်နက်ချ အလင်းဝင်းတာလို့ ဆိုပါတယ်။

“ကံမိုင်းဒေသတွင် အခြေချ တပ်ထိုင်ထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း တပ်စခန်းအတွင်း တွင်သာ ခိုအောင်းခဲ့ကာ စစ်ကူများကို စောင့်ဆိုင်းနေခဲ့ပါသည်။ အောက်တိုဘာ(၂၈)ရက် ညပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့မှ ၎င်းတပ်ရင်းအား လက်နက်ချ အလင်းဝင်ရန် တောင်းဆိုခဲ့ပါသည်။ (၂၉)ရက်တွင် MNDAAမှ “ မိမိတို့ တပ်မတော်ဟာ MNTJP ပါတီ၏ ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေး တာဝန်ကို ထမ်းဆောင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအား သတ်ခြင်းဟာ မိမိတို့၏ ရည်ရွယ်ချက် မဟုတ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်သုံ့ပန်း မူဝါဒကို တစ်စိုက်မတ်မတ် လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော် ပြောပြခဲ့ပါသည်။ ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး အောက်တိုဘာ(၃၀)ရက်တွင် ခလရ (၁၄၃) ၏ တပ်ဖွဲ့ဝင်များက လက်နက်ချပြီး အလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ပါသည်” လို့ MNDAA က ထုတ်ပြန်ပါတယ်။

အဲ့ဒီ လက်နက်ချ အလင်းဝင်တဲ့ စစ်အုပ်စု (၄၁)ယောက်ကို MNDAA က တစ်ဦးကို ကျပ်(၁၅)သိန်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း(၇၀၀)ကျော် လမ်းစရိတ်ပေးကာ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့လည်း MNDAA က ဖော်ပြပါတယ်။

“လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အား အလွန်ချို့တဲ့နေပြီး တပ်ရင်း တစ်ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာ ရှိပါတော့သည်။ ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဥ်နှင့်အမျှ ဆက်တိုက် တိုးများ နေပါသည်။ “ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်းတစ်ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝ မရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝ ပျက်စီးနေပြီး ပြိုကွဲမည့် အခြေအနေသို့ ရောက်ရှိနေပြီ” လို့ MNDAA ရှေ့တန်းအရာရှိ တစ်ဦးက ဖော်ပြ ပြောဆို” တယ်လို့ MNDAA က ဆိုပါတယ်။

ခလရ (၁၄၃)က စစ်အုပ်စုတွေ လက်နက်ချ အလင်းဝင်ရာမှာ ဆက်သွယ်ရေးစက် သုံံလုံး၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် ငါးလက်၊ RPG နှစ်လက်၊ Sniper တစ်လက်၊ စက်လက်အကြီး နှစ်လက်၊ Type -82 စိန်ပြောင်း တစ်လက်၊ (၆၀မမ) စိန်ပြောင်း နှစ်လက်၊ (MA-4) လေးလက်၊ (၅.၅၆)ကျည် (၁၁)ဖာ၊ (၅.၅၆)Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ သုံးဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀)ခု၊ (MA-4)ဗုံးသီး (၈၀)လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇)လုံး၊ (၈၂မမ)ဗုံးသီး (၉၁)လုံး၊ (၁၀၀မမ)ဗုံးသီး (၄၆)လုံး ၊ လက်ကိုင်ဖုန်း (၂၈)လုံး၊ စကားပြောစက် ခုနှစ်ခု၊ ဆန် (၃၈)အိတ်၊ Readymade Food (၁၂)ဖာ၊ ကုလားပဲ သုံးပုံး၊ ဆေး ငါးဖာ၊ စားသုံးဆီ သုံးပုံး၊ လောင်စာဆီ သုံးပုံး၊ ဝက် တစ်ကောင် သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်ဖြစ်တဲ့ မနေ့က အောက်တိုဘာ (၃၁)ရက်မှာ စစ်အုပ်စုစခန်း ခုနှစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စု (၁၂)ယောက် သေကာ ငါးယောက် ဒဏ်ရာရပြီး (၁၆)ယောက် ဖမ်းမိတယ်လို့လည်း MNDAA ရဲ့ ပြန်ကြားရေး ကိုးကန့်သတင်းမီဒီယာက ဖော်ပြပါတယ်။

ဒါ့ကြာင့် ၁၀၂၇ စစ်ဆင်ရေးကာလ ငါးရက်တာအတွင်း စစ်အုပ်စုစခန်း (၈၇)ခုအထိ သိမ်းပိုက် ထားနိုင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသက အရေးပါတဲ့ မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကို သိမ်းပိုက်ကာ ထိန်းချုပ်ထားတယ်လို့ ညီနောင် မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သံချပ်ကာနဲ့ တင့်ကား စုစုပေါင်း ခြောက်စီး သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမ ငါးရက်တာ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ(၁)အတွင်းမှ အဓိက မြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါ မြို့များကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သိန္နီမြို့ကိုလည်း မိမိတို့ ထိန်းချုပ်ထားဆဲ ဖြစ်သည်။ မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသော မဟာမိတ်များ အနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကို တွေ့ရှိနေရသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင် ဖြစ်သည်။ အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်” လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ပြပါတယ်။

ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ တအာင်း (PSLF/TNLA)၊ ကိုးကန့် (MNTJP/MNDAA)နဲ့ ရက္ခိုင် (ULA/AA) တို့က အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ (၂၇)ရက်က စတင်ကာ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *