တရုတ်တို့ယုတ်မာချက်ကတော့ အဘပထွေးလို့မပြောရဘူး

တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည့် မြန်မာစစ်ဘေးရှောင် ပြည်သူများကို တရုတ်အာဏာပိုင်များက ဖုန်းပေးမသုံးဘဲ မိုဘိုင်းဖုန်းများ သိမ်း ဆည်းထားကာ မသန့်ရှင်းသော အစားအစာများသာ ကျွေးမွေး

■ နေရပ်ပြန်လိုသော စစ်ဘေးရှောင်များကိုလည်း ပြန်ခွင့်မပေးဘဲ ချုပ်နှောင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်ဒေသမှ တရုတ်ပြည်နယ်စပ်သို့ ရောက်ရှိ ထွက်ပြေးနေရသည့် မြန်မာစစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ဝန်းကျင်ကို တရုတ်အာဏာပိုင်များက ဖုန်းပေးမသုံးဘဲ သိမ်း ဆည်းထားကာ မသန့်ရှင်းသော အစားအစာများသာ ကျွေးမွေးသဖြင့် စစ်ဘေးရှောင်မြန်မာပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည်နှင့် ချင်းရွှေဟော် ဒေသတွင် တိုက်ပွဲများဖြစ်ပွားကာ မြန်မာပြည်သူများမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တရုတ်အာဏာပိုင်များက မြန်မာစစ်ဘေးရှောင်များကို လက်ခံခဲ့သော်လည်း သေချာစွာ ကူညီစောင့်ရှောက်မှု မရှိသဖြင့် ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ကာ မကျန်းမာမှုများ တွေ့ကြုံနေရကြောင်း သိရှိရသည်။

“နေရတာ စားရတာလည်း အဆင်မပြေဘူး ။ ဖုန်းတွေ သိမ်းတယ်။ ဖုန်းကိုင်တာတွေ့ရင် အချုပ်ထဲထည့်တယ်။ စည်ပင်တွေကို အကူအညီတောင်းပြီး မုန့်ခိုးဝယ်တာ တွေ့ရင်လည်း မုန့်တွေပါ သိမ်းသွားပါတယ် တရုတ်ရဲတွေက” ဟု စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

တရုတ်ရဲများက စစ်ဘေးရှောင်များအတွက် စားစရာနှင့် ရေများ ပေးဝေမှုရှိသော်လည်း လုံလောက်မှု မရှိကြောင်း၊ နေရပ်ပြန်ချင်သူများ ရှိသော်လည်း ပေးမပြန်ကြောင်း စစ်ဘေးရှောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ရေက မနေ့ကနဲ့ ဒီနေ့ ၂ ခါပဲ ဝေသေးတယ်။ တစ်ပတ်အတွင်း။ တချို့ဆို ရေချိုးတဲ့ ရေတွေ သောက်တာ ဝမ်းတွေ ပျက်ကုန်ပြီ။ ရေက အတော် ဒုက္ခရောက်ပါတယ်။ နေရတာက ယာယီတဲလေးတွေ တဲတစ်ခုမှာ ၈ ယောက်နေရတယ်။ပေးလည်း မပြန်ပါဘူး တအား ဒုက္ခရောက်နေကြပါတယ်။ ဖုန်းပေးမသုံးဘဲ သတင်းအမှောင်ချထားသလိုဖြစ်နေတယ်။ ခိုးသုံးရတယ်။ ကိုင်တာမိရင် အချုပ်ထဲထည့်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တရုတ်ရဲများက မြန်မာ စစ်ဘေးရှောင်များကို ရည်ရွယ်ချက်ရှိရှိ အစာရေစာ ဖြတ်တောက်ထားခြင်းဖြစ်ပြီး တရုတ်ပြည် မိန်းတိန်မြို့ရှိ အလှူရှင်များ လှူဒါန်းသည့်‌ ရေများနှင့် ပစ္စည်းများကို အကုန် ပေးမဝင်ဘဲ ဂိတ်တွင် စုပုံပိတ်ထားကြောင်း၊ တမင် အဆက်အသွယ်များ ဖြတ်တောက်ထားခြင်းဖြစ်ပြီး မီဒီယာတွင် အပြကောင်းစေရန် အစားအစာ ဝေငှပုံများ လုပ်ပြပြီး အကုန်ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင် ပြည်သူများက ‌ပြောကြားသည်။

“၄ ရက်မှ ရေဘူးသေး ၂ ဘူးစီပဲ ရသေးတယ်။ တော်တော်များများ ငတ်ပြတ်နေကြတာ။ ရေဝဝလင်လင်မသောက်ရတော့ ကလေးအတွက် ရေလိုက်တောင်းနေရတဲ့ လူတွေက ကလေးရှိတဲ့ လူတိုင်းနီးပါးပဲ။ ကလေးတွေ မိခင်တွေ လူကြီးတွေ အကုန်ဒုက္ခရောက်နေကြတာ။ အများစု ဝတ်စရာမရှိတော့လို စောင်တွေ ဖြဲပြီး ဝတ်နေကြရတာ။ ဒီမှာ COVID လူနာတွေလို ကန့်သတ်ဖြတ်တောက်ထားတာ။ အိမ်သာတက်ဖို့ကျ လူ ၅ ထောင်လောက်ကို အိမ်သာ ၂ လုံးပဲ ရှိတာ။ တော်တော်ယုတ်မာကြတယ်။ မီဒီယာမှာ ချပြဖို့လောက်ပဲ လုပ်ပြကြတာ။ သူတို့ ပုံရိုက်ကောင်းရုံလောက်ပဲ အကုန်ဒုက္ခရောက်နေကြတာ။ ထားတော့လည်း ပစ်ကွင်းနဲ့ နီးနီးလေးမှာထားတယ်။ စရောက်တဲ့ ၂ ရက်လောက် လက်နက် ကြီးတွေ ဘေးပတ်ပတ်လည်မှာ ကျတာ ၆ လုံးလောက်ရှိတယ်။ စစ်ဘေးရှောင်လူတချို့ သေတယ်။ နေရာမရွေ့ပေးဘူး” ဟု စစ်ဘေးရှောင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်ဘေးရှောင်များအတွက် အစားအသောက်များ လှူဒါန်းမှုကို မည်သည့် အတွက်ကြောင့် လက်မခံသည်ကို မသိကြောင်း စစ်ဘေးရှောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးများနှင့် ကျည်များသည် မြန်မာစစ်ဘေးရှောင်များရှိသည့် တရုတ်ပြည်ဘက်အထိ ကျရောက်မှုရှိပြီး ဗုံးထိမှန် သေဆုံးဒဏ်ရာရသည့် မြန်မာစစ်ရှောင်များလည်း ရှိနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ဘေးရှောင် ပြည်သူများကို စုပုံထားရှိပုံနှင့် ကျွေးမွေးသည့် မသန့်ရှင်း သော အစားအစာများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *