နွားထိုးကြီးမှာလည်းဆော်ကုန်ပီး(ရုပ်သံ)

နွားထိုးကြီးနယ် ဝက်လူးရွာထဲက စစ်အုပ်စုကို ဝင်ရောက် တိုက်ခိုက်၊

စစ်ကူလာတဲ့ စစ်အုပ်စုကိုလည်း မိုင်းဖောက်ခွဲ၊

တေဇ/MFP ၊ နိုဝင်ဘာ – ၄

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ ရဲစခန်းထဲက စစ်အုပ်စုကို ယမန်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခ့သလို ကျေးရွာအတွင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက် အသေအပျောက် ရှိတယ်လို့ Natogyi People Defence Force – မြင်းခြံခရိုင် တပ်ရင်း(၄) က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၁)ရက် မနက်(၉)နာရီက စတင်ကာ နွားထိုးကြီးမြို့နယ် ၀က်လူးနယ်မြေရဲစခန်းထဲ အင်အား(၄၀)ခန့် ရှိနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဝက်လူးကျေးရွာထဲအထိ ဝင်ရောက်ကာ စစ်အုပ်စု စခန်းဟောင်း မီးသတ်ကုန်းကို မီးရိူ့ဖျက်ဆီးပြီး ဝက်လက်ရဲစခန်းကိုပါ အနီးကပ် ချဉ်းကပ် တိုက်ခိုက်ခဲ့တာလို့ NPDF က MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု လေးယောက်ထက်မနည်း သေဆုံး ဒဏ်ရာရတယ်လို့ NPDF က ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန် နွားထိုးကြီးကနေ ၀က်လူးစခန်းဘက် စစ်ကူလာတဲ့ ကားငါးစီးကိုလည်း ပဲချက်ရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို မြင်းခြံ-နွားထိုးကြီး လမ်းအတိုင်း မြင်းခြံကနေ နွားထိုးကြီးဘက် မောင်နှင်လာတဲ့ စစ်အုပ်စု ကားနှစ်စီးကိုလည်း လျော်ဖြူကျေးရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ မိုင်းဖောက်ခွဲ တိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စု သုံးယောက် သေတယ်လို့ NPDF က ဖော်ပြပါတယ်။

ဆက်လက်ပြီးတော့ နွားထိုးကြီးမြို့နယ် သန်းပင်တောရွာကို စီးနင်းဝင်မွှေ လုယက် မီးရှို့ပြီး ပြန်ထွက်လာကာ ညောင်ပင်သာရွာ ကားဂိတ်အနီး ခရီးသွားပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ကားနှစ်စီးကိုလည်း ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နွားထိုးကြီး အပါအဝင် မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေပြီး တော်လှန်ရေးတပ်တွေကလည်း ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *