စစ်အုပ်စု (၁၄)လောင်းနဲ့ လက်နက်တွေ ရခဲ့တဲ့ ချောင်းဦးမြို့ စစ်အုပ်စုဂိတ် စခန်းသိမ်းတိုက်ပွဲ ရုပ်သံထုတ်ပြန်၊
တော်လှန်ရေးရဲဘော် ခြောက်ဦးလည်း ကျဆုံးခဲ့၊
MFP ၊ နိုဝင်ဘာ – ၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မန္တလေး – မုံရွာ ကားလမ်းပေါ်က မြပုလဲ စစ်အုပ်စု ဂိတ်ကို နိုဝင်ဘာ(၄)ရက်က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု အလောင်း (၁၄)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) – ချောင်းဦးမြို့နယ် က သတင်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ(၄)ရက် မနက်(၅)နာရီကျော်က စတင်ပြီး ချောင်းဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ မုံရွာ – မန္တလေး ကားလမ်းပေါ်က စစ်အုပ်စုနဲ့ ပျူ (၃၀)ကျော် အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ မြပုလဲ ဂိတ်ကို မုံရွာခရိုင် ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားမှုနဲ့ မုံရွာခရိုင်အမှတ် (၆) တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ KG(II)၊ Immortal Guerilla Force (IGF-Monywa)၊ မုံရွာခရိုင် ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့၊ BGF ပူးပေါင်းအင်အား (၈၀) ဦးတို့က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရန်သူစခန်းသို့ ချဉ်းကပ်ပြီး စတင် ပစ်ခတ်ချိန်တွင် ရန်သူ (၁၅)ဦးခန့် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ပြီး နံနက် (၆) နာရီ အချိန်တွင် စခန်းကို သိမ်းပိုက်ရရှိကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါသည်” လို့ ချောင်းဦး ပကဖ က ဖော်ပြပါတယ်။
အဲ့ဒီ စခန်းသိမ်း တိုက်ခိုက်မှုကနေ စစ်အုပ်စု အလောင်း (၁၄)လောင်း၊ (၆၀မမ) ကွန်မန်ဒို စိန်ပြောင်းတစ်လက် အပါအဝင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ခြောက်ဦး ကျဆုံးတယ်လို့လည်း ချောင်းဦး ပကဖ က ဖော်ပြပါတယ်။
“ကတုတ်၊ဘန်ကာ အခိုင်အမာဖြင့် ခုခံနေသော ရန်သူကို ကျည်ကွယ် မျက်ကွယ် မရှိသည့် ကွင်းပြင်မှ ထိုးဖောက် ဝင်ရောက်၍ လုံးထွေး ချေမှုန်းခဲ့ရသဖြင့် မိမိဘက်မှ ထိခိုက်မှုအချို့ ရှိခဲ့ပါသည်” လို့ ချောင်းဦး ပကဖ က ဆိုပါတယ်။
ကျဆုံး ရဲဘော်တွေဟာ “မုံရွာခရိုင်တပ်ရင်း (၆) မှ ရဲဘော် နှစ်ဦး၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHUPDF) မှ ရဲဘော် သုံးဦး၊ ဆေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါသည်” လို့ ချောင်းဦး ပကဖ က ဖော်ပြပါတယ်။
အဲ့ဒီ ချောင်းဦးမြို့အဝင် စစ်အုပ်စု ငွေညှစ်ဂိတ်မှာ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးအဆင့် အောင်သူရ ဦးစီးတဲ့ ရန်သူအင်အား သုံးယောက်၊ အမှတ် (၂၆) လုံခြုံရေးတပ်ဖွဲ့ခွဲက ရန်သူအင်အား ငါးယောက်၊ ကန့်ဘလူလိမ္မော်သီး ဝါသဝရဲ့ လက်ကိုင်တုတ်ပျူ စုစုပေါင်းအင်အား (၃၅) ဦးခန့် အခြေပြု တပ်စွဲထားတယ်လို့ ဆိုပါတယ်။
မန္တလေး – မုံရွာ – ရွှေဘို ကားလမ်းပေါ်က စစ်အုပ်စု ဂိတ်တွေဟာ ခရီးသွားပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်၊ စိတ်ထင်တိုင်း ပစ်ခတ်သတ့်ဖတ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။