ညနေခင်းသတင်း ပေါင်းချုပ်

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

▪︎ခရိုင်မြို့ ကောလင်းကို PDF နဲ့မဟာမိတ်​တွေသိမ်းပိုက်

ခရိုင်မြို့ဖြစ်​တဲ့ ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိ​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါဟာ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြပါတယ်။ အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် မနက်ပိုင်းကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ရာ ဒီနေ့ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

▪︎ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို MNDAA ထပ်မံ သိမ်းပိုက်၊ ကွမ်းလုံကို အလုံးစုံထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ဒီနေ့ ထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ တုန်းရှမ်းဒေသမှာ စစ်ကောင်စီစခန်း ၁ ခု၊ ရှင်းဝမ်ဒေသမှ စစ်ကောင်စီစခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့ပြီး ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရှင်းပြပါတယ်။ လက်ရှိမှာ MNDAAနဲ့ မဟာမိတ်တပ်များဟာ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး နမ့်ခမ်းနဲ့ ကွမ်းလုံမြို့ကိုလည်း စီးနင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

▪︎နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ် နှစ်နေရာကို TNLAနဲ့ မန္တလေး PDF ထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ နှစ်နေရာကို ဒီနေ့ သွားရောက်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့မှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အစပ်ရှိ နောင်ချိုမြို့နယ် ဂုတ်ထိပ် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်တို့ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ​နောင်ချို မြို့နယ်နဲ့ ဂုတ်ထိပ်မှာ ၁၀၂၇ စစ်ဆင်​ရေးစတင်တဲ့ ​အောက်

တိုဘာ ၂၇ မှစလို့ ဆက်တိုက်တိုက်ပွဲပြင်းထန်​နေခဲ့တာပါ။ စစ်​ကောင်စီတပ်က စစ်သားအင်အားရာ​ပေါင်းများစွာကို ရှမ်းပြည်နယ်​မြောက်ပိုင်းသို့ စစ်ကူပို့ဖို့ ကြည်း​ကြောင်း​၊ လေ​ကြောင်း၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်ကာ လမ်း​ကြောင်းပွင့်ဖို့ ကြိုးစားနေပေမယ့် မန္တ​လေး PDF နဲ့ TNLA တို့ရဲ့ တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ဘဲဖြစ်​နေတယ်လို့ သိရပါတယ်။

▪︎မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်​ပြေးသွား​တဲ့ ရဲအားလုံးကို PDF များဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်း တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲများ အားလုံးကို ဖမ်းဆီးရမိတယ်လို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၃ ရက် မနက်က မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ်(၁/၇/၁၁/

၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့တာပါ။ တိုက်ပွဲအ

တွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၁၁ ဦး လက်နက်ချခဲ့ကာ ငါးဦးမှာ ထွက် ပြေးသွားခဲ့ပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ ရဲအားလုံးကို ဖမ်းဆီးရမီပြီလို့ ဂန့်ဂေါခရိုင် PDF တာ၀န်ရှိသူက အသိပေးပါတယ်။

▪︎KNU တပ်မဟာ(၅)နယ်မြေ အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီ ၃၀ ဦးကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာလ တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ကောင်စီက ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတို့ကို အသိပေး ထုတ်ပြန်လာတာပါ။ တိုက်ပွဲများအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘက်က ၃၁ ဦး သေဆုံးကာ ၅၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်မှ ၄ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

▪︎ရဲများထွက်​ပြေးသွား​တဲ့ တောင်ခင်ရန်း ရဲစခန်းမှာ မြေမြှုပ်မိုင်းများထောင်ထားခဲ့လို့ ABSDFနဲ့ PDF ပူးပေါင်းတပ် လိုက်လံရှင်းလင်း

စစ်ကောင်စီလက်အောက်ခံ ရဲများ စခန်းစွန့် ထွက်ပြေးသွားတဲ့ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းမှာ မိုင်းများ​ထောင်ထားခဲ့လို့ ဝင်ရောက်ရှင်းလင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)စစ်ကြောင်း(၃)က သတင်းထုတ်ပြန်ပါတယ်။ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို ABSDFနဲ့ ဒေသခံ PDFများ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲများဟာ နိုဝင်ဘာ ၄ ရက်မှာ ၎င်းတို့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ပါတယ်။ အဲဒါကြောင့် တောင်ခင်ရန်းရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနဲ့ မဟာမိတ် PDF တပ်ရင်းများက ဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားခဲ့လို့ ABSDF မှ မိုင်းကျွမ်းကျင်သူ ရဲဘော်များက မဟာမိတ်များနှင့် ပူးပေါင်းကာ မိုင်းများ လက်လံရှင်းလင်းပေးနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *