အနုပညာရှင်တွေ ရှမ်းမြောက်က စစ်ကောင်စီတပ်သားတွေအတွက် ဖျော်ဖြေရေး ပြုလုပ်ဖို့ ဖိအားပေးခံနေရ
+++++++++++++++++++++++++++++++
နိုဝင်ဘာ၊ ၇
အနုပညာရှင်တွေအနေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက် ရှေ့တန်းနယ်မြေကိုသွားရောက်ပြီး စစ်ကောင်စီတပ်သားတွေ အားတက်စေဖို့ ဖျော်ဖြေရေးတွေ လုပ်ပေးစေလိုကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့က ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
ရှမ်းမြောက်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲများ ကို ရုပ်ရှင်လောကသားများ အနေဖြင့် လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် ရှေ့တန်းရောက် စစ်ကောင်စီ တပ်သားများထံ စာရေးသား ပေးပို့ခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် အဆင်ပြေသည့် အချိန်တွင် သွားရောက်ဖျော်ဖြေရန် စစ်ကောင်စီ၀န်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ၏ ရှေ့တန်းစစ်မျက်နှာများ၌ တပ်သား ပြုန်းတီးကာ စစ်စခန်းများ လက်လွှတ်နေရပြီး အသက်ရှင် ကျန်ခဲ့သည့် စစ်ကောင်စီ တပ်သားနှင့် ပြည်သူ့စစ်များက တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခြင်းများ ပြုလုပ်လျက်ရှိပါတယ်။